Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တယောက်ဖြစ်ခဲ့သူ ချမ်းမြေ့မောင်ချိုက ပြိုင်ပွဲဝင်ခဲ့တဲ့ အချိန်ကာလက ဝေဖန်တိုက်ခိုက်မှုများစွာ ခံခဲ့ရတဲ့အတွက် မကြာခင်မှာ လာတော့မယ့် Season 4 မှ ပြိုင်ပွဲဝင်အသစ်များကို ပြိုင်ပွဲပြိုင်နေစဉ်အတွင်း Facebook သုံးခဲ့ရင် Comment များကို မဖတ်ဖို့အတွက် အကြံပြုခဲ့ပါတယ်။
“အဓိကကတော့ Facebook တွေ မသုံးဖို့ရယ်၊ ကောမန့်တွေ မဖတ်ဖို့ရယ်။ ပြီးတော့ ဘယ်သူဘာပြောပြော အဲ့အပေါ်မှာ မခံစားဖို့ရယ်၊ အဲဒါက အဓိကပဲ။ အထဲထဲမှာက ကိုယ်တွေကို Support ပေးမယ့်သူပဲ ရှိတယ်၊ နှိပ်ကွပ်မယ့်သူက နည်းတယ်”
“ပြီးတော့ ကိုယ်တွေအချင်းချင်းက ရှိနေတဲ့ အရည်အချင်းတွေကို ဝေမျှတဲ့သူတွေပဲဆိုတော့ အပြင်ကကျတော့ ဝေဖန်မှုတွေ၊ တိုက်ခိုက်တာတွေရှိတော့ အဲ့အပေါ်မှာ ကိုယ်တွေက လိုက်မခံစားဘဲနဲ့ ကိုယ့်ပြိုင်ပွဲရဲ့လှုပ်ရှားမှုလေးတွေ ကျေးဇူးတင်ပါတယ်ပြောတဲ့ အချိန်တွေပဲပေး။ သီချင်းကိုပဲ အာရုံစိုက်ရမှာ။ Fan တွေရယ်၊ ဆရာတွေရဲ့ သွန်သင်ဆုံးမမှုရယ် သေချာလိုက်နာရင်တော့ အေးဆေးဖြစ်သွားမှာပါ”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။
ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက်လည်း ပြောခဲ့ပြီး သူမတုန်းကဆိုရင် နောက်ဆုံး Final ပွဲမှာ ကျန်းမာရေးအခြေအနေကြောင့် ဝင်ရောက် မယှဉ်ပြိုင်နိုင်ခဲ့ဘဲ Winner ဆု လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
“ခံစားခဲ့ရတာတွေ ရှိလို့လည်း ပြောနိုင်တာပေါ့နော်။ စစချင်းကတော့ မကြည့်ဘူး။ ကိုယ့်ဘာသာကိုယ် တိုင်ပတ်နေတာ။ Facebook သုံးဖို့ အချိန်မရှိဘူး။ လူနည်းလာတာနဲ့အမျှ တဆင့်ပြီးတဆင့် တက်သွားတဲ့အချိန်မှာ လုပ်စရာလည်း အများကြီး မဟုတ်တာတော့ မဟုတ်ဘူး။ အချိန်က နည်းနည်း ရလာတယ်။ လူနည်းလာတာနဲ့အမျှ ကိုယ့် Fan ဘယ်လောက်ရှိလဲဆိုပြီး ဝင်ကြည့်မိတယ်။ ကိုယ်မမျှော်လင့်ထားတဲ့အချိန် စိတ်ဓာတ်ပိုင်းဆိုင်ရာ လျော့နည်းနေတဲ့အချိန်ဆိုတော့ ဖြစ်သွားတာပေါ့။ မောင်ချို့လို မဖြစ်ဖို့ကို တိုက်တွန်းချင်တယ်။ နှမြောဖို့ ကောင်းတယ်”လို့ ချမ်းမြေ့မောင်ချိုကပြောပါတယ်။
အခုဆိုရင်လည်း Myanmar Idol Season 4 ရဲ့နောက်ဆုံးပြိုင်ပွဲဝင်မယ့် ဆန်ခါတင်များကို ရွေးချယ်ပြီးခဲ့ပြီဖြစ်တဲ့အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
“အကုန်လုံးက ဆရာကြီးတွေပဲ။ ဒီ ၁၁ ယောက်က သူတို့အတွက်ကို အရမ်းလည်း မျှော်လင့်ထားတယ်။ ကိုယ်တွေထက်ကို အများကြီးကောင်းမယ်လို့ ထင်တယ်။ ဘယ်သူ့ကို ဝန်းရံသွားမလဲ ဆိုတာတော့ မရှိပါဘူး။ အကုန်လုံးကို အားပေးတယ်။ ကြိုးစားစေချင်တယ်။ အကုန်လုံးကို စိတ်ဓာတ်ပိုင်းဆိုင်ရာအများကြီး ကြံ့ခိုင်အောင် လုပ်ထားပါ။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။
ချမ်းမြေ့မောင်ချိုကတော့ ပြိုင်ပွဲပြီးသွားတဲ့အချိန်မှာလည်း သီချင်းများကို ဆက်လက် သီဆိုနေပြီး ယခုနှစ်အတွင်းမှာ သူမရဲ့ပထမဆုံး တကိုယ်တော်အခွေ ထွက်မှာဖြစ်တယ်လို့ သိရပါတယ်။
“အခုဆိုရင် မောင်ချို့ အခွေလေးက ပြီးတော့မယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ ၂၀ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ ရင်ခုန်နေပါပြီ။ နောက်နှစ်တော့ မကူးတော့ဘူးပေါ့နော်။ နောက်လလောက်ဆိုရင် ထွက်ဖြစ်ပါပြီ”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။
အခွေထဲမှာတော့ ပြိုင်ပွဲဝင်ခဲ့စဉ်က ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ အပတ်စဉ်များရဲ့ သီချင်းပုံစံများကို ထည့်သွင်းသွားမှာဖြစ်ပြီး အရွယ်သုံးပါးမရွေး နားထောင်လို့ရအောင် ဖန်တီးထားတယ်လို့ သိရပါတယ်။
“အခွေနဲ့ ပတ်သက်ပြီးတော့က ပြိုင်ပွဲတုန်းက မောင်ချို့ကို အားပေးခဲ့တဲ့ Week လေးတွေနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေ မျိုးစုံထည့်ထားတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေလည်း မျိုးစုံထည့်ထားတော့ လူကြီးလူငယ် လူလတ် အရွယ်သုံးပါးလုံး နားထောင်လို့ရအောင် လုပ်ထားတယ်။ ပထမဆုံးအခွေ ဖြစ်တဲ့အတွက် သေချာလေး လုပ်ထားတာပေါ့။ ပထမဆုံးအခွေ ဖြစ်တဲ့အတွက် ကိုယ်ကြိုက်သလို ပရိသတ်လည်းကြိုက်မယ် မျှော်လင့်တယ်”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။