ကမ္ဘာ့မီဒီယာကုမ္ပဏီကြီးဖြစ်တဲ့ Netflix က လာမယ့်နှစ်မှာ သူတို့ရဲ့ ကိုရီးယား ဒရာမာစီးရီးဖြစ်တဲ့ “Kingdom” ကို ပြသမှာဖြစ်တဲ့အကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ကိုရီးယားရဲ့ နောက်ဆုံးဘုရင့်နိုင်ငံဖြစ်တဲ့ ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားပြီး အပိုင်း ၆ ပိုင်း ပါဝင်တဲ့ သည်းထိတ်ရင်ဖို စီးရီး “Kingdom” ရဲ့ ပထမဆုံး Season ကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Netflix ကနေ ကမ္ဘာတဝန်းလုံးမှာ ပြသခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် မီဒီယာကုမ္ပဏီက “Netflix ရဲ့ မူရင်း “Kingdom” စီးရီးရဲ့ ဒုတိယ Season ကို လာမယ့်နှစ် မတ်လမှာ ဖြန့်ချိပြသမှာဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
Season 2 အတွက် ရိုက်ကူးရေးကို ပြီးခဲ့တဲ့ ဇွန်လတုန်းက စတင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး Season မှာတော့ အကျင့်ပျက်ခြစားမှုနဲ့ ကပ်ရောဂါဆိုးတွေ ရင်ဆိုင်နေရတဲ့ ဂျိုဆွန်းဘုရင့်နိုင်ငံတော်မှာ ဘုရင်ကြီး နတ်ရွာစံပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့နောက်ပိုင်း နန်းတွင်းရေးရာ ရှုပ်ထွေးမှုတွေနဲ့ အတူ ထူးဆန်းတဲ့ ပလိပ်ရောဂါတခုက ပျံ့နှံ့လာခဲ့ပါတယ်။
တိုင်းတပါးကနေ ပြန်လည် ရောက်ရှိလာခဲ့တဲ့ အိမ်ရှေ့စံမင်းသားဟာလည်း နိုင်ငံတော် ပုန်ကန်မှု စွပ်စွဲချက်နဲ့ ရင်ဆိုင်လိုက်ရပြီးတဲ့နောက် တောပုန်းဘဝကို ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ အကျင့်ပြခြစားမှုနဲ့ တိုင်းသူပြည်သားတွေကို ဒုက္ခပေးနေတဲ့ ပလိပ်ရောဂါကပ်ဆိုးကို တိုက်ဖျက်ရဖို့ ဖြစ်လာပါတော့တယ်။
အခု ဒုတိယမြောက် Season မှာတော့ တိုင်းပြည်ကို ကယ်တင်ဖို့ ဆက်လက်ကြိုးပမ်းရမယ့် အိမ်ရှေ့စံကို မြင်တွေ့ရဦးမှာပါ။ အခုစီးရီးကိုတော့ စာရေးဆရာမ ကင်အွန်ဟီးရဲ့ “Land of the Gods” လို့ အမည်ရတဲ့ အွန်လိုင်းရုပ်ပြကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။
ရာစုနှစ် ၅ ခုနီးပါး တည်တံ့ခဲ့တဲ့ ကိုရီးယားဘုရင့် နိုင်ငံတော်မှာရှိတဲ့ တိုင်းသူပြည်သားတွေကို Zombie အဖြစ် ပြောင်းလဲစေခဲ့တဲ့ ပလိပ်ရောဂါနဲ့အတူ အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြစ်ပြတ်ချေမှုန်း နိုင်ပါ့မလားဆိုတာကို အခု ဒုတိယမြောက် Season မှာ ရှုစားရမှာဖြစ်ပါတယ်။
အဓိကသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဂျူဂျီဟွန်း၊ ဘေဒူးနာနဲ့ ရူဆွန်ယောင်းတို့က အခု Season မှာ ပြန်လည်ပါဝင် လာကြဦးမှာ ဖြစ်ပါတယ်။
Ref: Yonhap, express
You may also like these stories:
“Kingdom 2” ရဲ့ အငယ်ဆုံး ရိုက်ကူးရေးအဖွဲ့ဝင် မတော်တဆမှုနဲ့ ကွယ်လွန်
Kingdom စီးရီး Season 2 အတွက် ဓာတ်ပုံများထွက်ပေါ်လာ
“Kingdom” စီးရီးရဲ့ Season 2 ကို မကြာမီ မြင်တွေ့ရဖွယ်ရှိ
အမှောင်ဘက်ခြမ်းမှ အခန်းများ (သို့မဟုတ်) Stranger From Hell (2019)