သရုပ်ဆောင် လင်းလက်ဟိန်းဟာ ပြီးခဲ့တဲ့လပိုင်းက ပတ်ဝန်းကျင်မှာ ဆူပူရမ်းကားပြီး တာဝန်ရှိသူကို အန္တရာယ်ဖြစ်အောင် တုန့်ပြန် တိုက်ခိုက်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ ဖြင့် ထိန်းသိမ်းခံခဲ့ရတာဟာ မူးပြီးမှားသွားတဲ့အတွက် အပြစ်ကျူးလွန်မိတာဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်က မူးပြီးမှားသွားတာပေါ့ အမှားတခု လုပ်လိုက်တာပေါ့။ အားလုံးကို တောင်းပန်ပါတယ်။ အားလုံးစိုးရိမ်တဲ့ အပြစ်တခု လုပ်လိုက်မိတဲ့အတွက်ကြောင့်။ နောက်ဆိုရင်တော့ မသောက်တော့ပါဘူး”လို့ လင်းလက်ဟိန်းက ပြောပါတယ်။
အဆိုပါ အမှုအတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ အာမခံဖြင့်ပြန်လည် လွှတ်ပေးခဲ့ပြီး လက်ရှိမှာတော့ ဥပဒေပုဒ်မ ၃၃၂ ၊ ၃၅၂ တို့ဖြင့် ဆက်လက် တရားရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။
“ကျန်းမာရေးကတော့ ကောင်းပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ၁၄ ရက်နေ့ ပြန်ချိန်းထားပါတယ်။ အာမခံကတော့ ဥပဒေ အကြံပေးရုံးက ပုဒ်မ ပြောင်းပေးလိုက်တာပေါ့။ ၃၃၂ ၊ ၃၅၂ တို့ အာမခံရတဲ့ ပုဒ်မဖြစ်လို့ အာမခံပေးလိုက်တာပါ”လို့ လင်းလက်ဟိန်းက ပြောပါတယ်။
ယနေ့၊ အောက်တိုဘာလ ၂၉ရက်နေ့မှာတော့ တရားရုံးချိန်း ချိန်းဆိုခဲ့သော်လည်း မစစ်ဆေးဖြစ်ခဲ့ဘဲ နိုဝင်ဘာလ ၁၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ သူ့ရဲ့အမှုကိုတော့ တရားရုံးက ရက်ပေါင်း ၁၈၀ အတွင်းပြီးစီးအောင် စစ်ဆေးဖို့အတွက် ပြောကြားခဲ့ပါတယ်။
လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရာ လင်းလက်ဟိန်းမှ လက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကို ကတ်ကြေးဖြင့်ပြေးထိုးခဲ့တယ်လို့ သိရပါတယ်။
လင်းလက်ဟိန်းရဲ့တုန့်ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင်က အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ဖြင့် အမှုဖွင့်ထားခဲ့ပြီး ယခုအာမခံနဲ့ လွတ်မြောက်ခဲ့သော်လည်း ပုဒ်မ ၃၃၂ ၊ ၃၅၂ ဖြင့် ဆက်လက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
You may also like these stories:
အာမခံ သိန်း ၅၀ နဲ့ ပြန်လွတ်မြောက်ခဲ့တဲ့ သရုပ်ဆောင် လင်းလက်ဟိန်း
သရုပ်ဆောင် လင်းလက်ဟိန်းရဲ့ အမှု ရမန်ကာလ ၁ ရက် ထပ်တိုး
“ဥပဒေအသစ်အရ လင်းလက်ဟိန်းကို အရေးယူလို့ မရဘူး”လို့ သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့မှူး ပြော