Entertainment

"ဟာသအိုက်တင် မလုပ်တတ်ရင် ငပေါ ဖြစ်တယ်"လို့ ပြောတဲ့ လွှမ်းပိုင်

Want create site? Find Free WordPress Themes and plugins.

ဂီတအလုပ်တွေအပြင် ဇာတ်ကားတွေလည်း ရိုက်ကူးနေတဲ့ အဆိုတော် လွှမ်းပိုင်ကတော့ ဟာသကားတွေ ရိုက်ရတာ စိန်ခေါ်မှု များတယ်လို့ ဆိုပါတယ်။

“လတ်တလော ကျနော်ရယ်၊ ရဲရင့်အောင်ရယ်၊ ဖွေးဖွေးရယ်၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)နဲ့ ရိုက်ဖို့ ရှိပါတယ်။ ဟာသကားလေးပါ။ ဟာသကားကတော့ စိန်ခေါ်မှုများပါတယ်။ ကျနော် ဟာသကား ရိုက်လေ့ရိုက်ထ မရှိဘူး။ ဒီကားမှာ ရဲရင့်အောင်နဲ့လည်း ပြန်တွေ့ရမယ်။ မဖွေးရော၊ ဦးခင်လှိုင်တို့ရော ပါတယ်။ လူများများပါတော့ ပျော်စရာကြီးပေါ့။ ဟာသကားက ခက်တယ်။ ဟာသအိုက်တင် မလုပ်တတ်ရင် ငပေါ ဖြစ်တယ်။ အဲ့တော့ ကျနော် သေချာလေးတော့ ကြိုးစားလုပ်ရမှာပေါ့”လို့ လွှမ်းပိုင်က ပြောပါတယ်။

ဂီတလှုပ်ရှားမှုတွေမှာ တွေ့ရနည်းသွားပေမယ့် ဇာတ်ကား လက်ခံ ရိုက်ကူးဖြစ်ပုံကိုလည်း လွှမ်းပိုင်က အခုလိုပဲ ဆိုပါတယ်။

“ကျနော် ဇာတ်လမ်းလေး ကြိုက်တာရယ်၊ ကိုဇော်(အရုဏ်ဦး) နဲ့ မရိုက်ဖူးတာကြောင့် လက်ခံ ဖြစ်ပါတယ်။ ရပ်ကျော်ရွာကျော် ကားလေးကတော့ ဟာသကားလေးပါပဲ။ ဒီကားမှာ ကိုကျော်ရဲအောင်တို့၊ ကိုနေထူးနိုင်တို့နဲ့ တွဲရိုက်ရတာ အကုန်လုံးက ခင်ဖို့ကောင်းပါတယ်။ ကိုကျော်ရဲအောင်က သရုပ်ဆောင်နေတာ တကယ်အတိုင်းပဲ။ ကိုနေထူးနိုင်ကလည်း တော်ပါတယ်။ သူဖြတ်သန်းလာရတာတွေ အများကြီး သိရတယ်။ အမှတ်တရတွေလည်း အများကြီးပဲ”လို့ လွှမ်းပိုင်က ပြောပါတယ်။

လွှမ်းပိုင်ရဲ့ သီချင်းအသစ်များကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်လည်း သီချင်းအသစ်တင် ပေးဖို့ရှိပြီး တပုဒ် သို့မဟုတ် နှစ်ပုဒ် တင်သွားမယ်လို့ သိရပါတယ်။

“ဒါပြီးရင် သီချင်းတွေလည်း လုပ်ဖို့ရှိတယ်။ သီချင်းခွေတော့ ထွက်ဖို့မရှိသေးဘူး။ အခုခေတ်ကလည်း ခွေတွေ နားထောင်တာနည်းသွားပြီဆိုတော့ ခွေမထွက်တာလည်း ပါပါတယ်။ သီချင်းအသစ်လေး ဒီလထဲ ထွက်မယ်ပြောထားတာ။ ကျနော်လုပ်နေတာ နည်းနည်းကြာသွားတယ်။ နှစ်ပုဒ်၊ သုံးပုဒ်လောက် ထွက်ဖို့ရှိတယ်”

“တပုဒ်ကတော့ အမြူးနဲ့ တပုဒ်ကတော့ အချစ်သီချင်း ဖြစ်မယ်။ အမာခံပရိသတ်တွေ အမှတ်တရ သိမ်းချင်တဲ့သူတွေအတွက် ခွေထုတ်ဖြစ်မလားတော့ သေချာမသိသေးပါဘူး။ အွန်လိုင်းကနေတော့ သီချင်းတွေ တင်ပေးဖြစ်နေမယ်။ ခွေထုတ်ဖို့က လွယ်တယ်၊ ရောင်းရဖို့ ခက်နေတာ”လို့ လွှမ်းပိုင်က ပြောပါတယ်။

သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေပြီဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်ကတော့ နောက်နှစ်ထဲမှာ နေတိုး၊ နီနီခင်ဇော်တို့နဲ့အတူ Musical ရုပ်ရှင်ဇာတ်ကားတကား ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading