Entertainment

လူငယ် အဆိုတော် နိုဗန်ထူးနဲ့ ဟန်နေတာကို ချီးကျူးလိုက်တဲ့ ဇော်ဝင်းထွဋ်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံက ရော့ခ်ဂီတ အဆိုတော် ဇော်ဝင်းထွဋ်က လတ်တလော ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ “ဆေးပေါင်းခတဲ့ည” ရှိုးပွဲ သီဆိုဖို့ ရှိနေပြီး အဲဒီရှိုးပွဲမှာ လူငယ် အဆိုတော် နှစ်ယောက်ဖြစ်တဲ့ နိုဗန်ထူးနဲ့ ဟန်နေတာတို့လည်း ပါဝင်မယ့်အကြောင်း အခုလိုပဲ ပြောပါတယ်။

“ဟန်နေတာတို့ကလည်း ကိုယ့်ကလေးတွေလို ဖြစ်နေတာလေ။ အရမ်းလည်း အရည်အချင်းရှိတဲ့ ကလေးတွေ။ သူတို့သီချင်းတွေ လာလာဆိုပြရင် တခါတခါ ကိုယ်တောင် မျက်ရည်ကျတယ်။ ဟန်နေတာဆို သူရေးထားတဲ့ သီချင်းတွေ ဟော်လို ဂစ်တာနဲ့လာဆိုပြရင် ကိုယ်တောင် မျက်ရည်ကျတယ်။ တကယ်တော်တဲ့ ကလေးတွေပါ။ သူတို့ဖြစ်သွားတာ အရမ်းဝမ်းသာတယ်”

“နိုဗန်ထူးလည်း အဲ့လိုပဲပေါ့။ သူကျတော့ အဆိုပြိုင်ပွဲ ဝင်လိုက်တာပေါ့။ သူ့ကိုလည်း ချီးကျူးပါတယ်။ သတ္တိရှိတယ် ပြောရမှာပေါ့။ သူက တကယ်ဆိုနိုင်တဲ့သူ ဖြစ်တော့ သင်္ကြန်တုန်းကလည်း သူ့ကို ခေါ်ဆိုတယ်လေ။ အဲ့မှာလည်း သူတို့ပရိတ်သတ်တွေ အများကြီး တွေ့ရတယ်။ တကယ့် ရော့ခ် ပရိတ်သတ်တွေက အများကြီးရှိတယ်။ အဲ့အတွက် နေရာတခု ချပေးဖို့ပဲ လိုတာလေ။ အခု “ဆေးပေါင်းခတဲ့ ည” ဆိုလည်း တကယ့် ရော့ခ်ပရိတ်သတ်တွေချည်းပဲ စုမိအောင်လုပ်တာ”လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။

လူငယ် အဆိုတော်တွေ ဖြစ်ကြတဲ့ ဟန်နေတာနဲ့ နိုဗန်ထူးတို့က ဇော်ဝင်းထွဋ်ကို ကြောက်တယ်ဆိုတာ အပေါ်ယံပြောတာပါလို့ သူက ဆိုပါတယ်။

“ဒီကောင်တွေ မကြောက်ဘူး၊ သတ္တိရှိတယ်။ အဓိက ဒီကောင်တွေမှာ ဝမ်းစာရှိတယ်။ သူတို့ လေ့လာထားတယ်။ တကယ် ထုတ်လုပ်နိုင်တယ်။ တကယ်လည်း ဆိုနိုင်၊ တီးနိုင်၊ ရေးနိုင်တဲ့ အခါကျတော့ သူတို့ ကျနော့်ကိုကြောက်တယ်ဆိုတာ အပေါ်ယံပြောတာပါ။ တကယ်တော့ သူတို့မှာ ယုံကြည်မှုအပြည့် ရှိတယ်။ ကျနော်တို့ စပေါ်တုန်းကနဲ့တောင် မတူဘူး။ ဒီကလေးတွေကအရမ်းကို Confidence ကောင်းတဲ့ ကလေးတွေ။ သူတို့ကိုလည်း အားကိုးတယ်။ အားကိုးလို့လည်း ခေါ်တာပေါ့”လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။

မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ တေးသံသာ Music Application ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးလည်း ဇော်ဝင်းထွဋ်က အခုလိုပဲ ပြောပါတယ်။

“တေးသံသာ Application နဲ့ ပတ်သက်ရင်တော့ ကျနော်တို့က အဲ့ခေတ်ကို မျှော်နေတာပေါ့နော်။ သီချင်းတွေကို ဆိုနေတယ်၊ တီးနေတယ် လုပ်နေကြပေမယ့် ဝင်ငွေတခုရအောင် လုပ်ပေးမယ့် Format တခု ပျောက်နေတာပေါ့နော်။ Music Application တွေ ပေါ်လာတာကတော့ တေးသံသွင်းဆိုင်လေးတွေ ပေါ်လာတဲ့သဘောပေါ့။ ပိုပြီးလည်း ကျယ်ပြန့်သွားတာပေါ့။ အခုဆိုရင် ဒီလို Application တွေပေါ်လာတော့ သီချင်းတွေဟာ ကိုယ့်ဖုန်းထဲကို ရောက်သွားမယ်။ ကလစ် တချက်နှိပ်လိုက်တာနဲ့ သီချင်းတွေကို နားထောင်လို့ရတယ်။ ဒါဟာ ကျနော်တို့ရဲ့ ထွက်ပေါက် တခုလို့ ပြောလို့ရတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိလုပ်ကိုင်နေတဲ့ အနုပညာ အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဇော်ဝင်းထွဋ်က အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ကတော့ သီချင်းတွေ အမြဲသွင်းတော့ သွင်းနေတာပါပဲ။ ကိုယ်လည်း အသက်သိပ်ငယ်တော့တာ မဟုတ်ဘူးလေ။ လူဆိုတာ ပြောလို့မရဘူး။ ကွေးသောလက် မဆန့်ခင်ဆိုတော့ ချန်ထားခဲ့ချင်တာလေးတွေ အိမ်မှာ အမြဲလုပ်နေတယ်။ ကိုယ်ကလုပ်ထားဖို့ပဲ လိုတာလေ။ တချိန်ကျရင်တော့ ကြိုက်တဲ့လူတွေက ရှာဖွေလာမယ်။ ကျနော်တို့ကတော့ သီချင်းတွေအမြဲသွင်းနေပါတယ်”လို့ ဇော်ဝင်းထွဋ်က ဆိုပါတယ်။

You may also like these stories:

“တကယ့် ဂီတပညာရှင်နဲ့ သူ့ဘာသာသူ စန်းထပြီး နာမည်ကြီးတာ မတူဘူး”

တကိုယ်တော် အခွေမှာ ဇော်ဝင်းထွဋ်နဲ့ စုံတွဲသီချင်း သီဆိုမယ့် လိမ္မော်သီး

“အခုခေတ်က နေရာတိုင်းမှာ သွန်သင်ဆုံးမမှု နည်းနေတဲ့သဘော ဖြစ်နေတယ်”

“မိုးမခအိပ်မက် ခရမ်းပြာ”သီချင်းကို ပရိသတ်ငြိတွယ်ဖို့ အချိန်တော်တော် စောင့်လိုက်ရတဲ့ ဟန်နေတာ

Did you find apk for android? You can find new Free Android Games and apps.
Loading