ယခုနှစ်အတွက် Myanmar Idol Season 4 အတွက် နောက်ဆုံးပြိုင်ပွဲဝင်မယ့် ဆန်ခါတင် ၁၁ ဦးကိုတော့ ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ၁၁ ယောက်ထဲမှ ပရိသတ်များ ရွေးချယ်မယ့် Winner က ဘယ်သူဖြစ်မလဲဆိုတာကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်ကာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
နောက်ဆုံး ဆန်ခါတင် ပြိုင်ပွဲဝင် ၁၁ ယောက်ကတော့ အေးမြဖြူ ၊ စနေလင်းကျော်၊ ခြူးစစ်ဟန်၊ အက်စတာဒေါ့သ်ချင်းဆုန်၊ Benjamin Sum၊ နှင်းအိအိဝင်း၊ စောခရစ်မူးလာ၊ ယောကီး၊ တန်ခွန်ကျော်၊ ထက်အဉ္စလီ၊ နော်စေးစေးထူးတို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ၁၁ ယောက်ထဲမှ တချို့သော ပြိုင်ပွဲဝင်များရဲ့ စကားသံများကို ဖော်ပြပေးလိုက်ပါတယ်။
ယောကီး
ကျနော်တို့က ဟိုးတောတွေ၊ တောင်တွေထဲကနေ အခက်အခဲပေါင်းစုံကို ဖြတ်ကျော်ပြီးတော့ လာပြိုင်ရတယ်။ နောက်ဆုံးအဆင့် Solo Round ကို ဖြတ်ကျော်ခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ပြီးတော့ ကျနော်တို့ကို ဒီ ၁၁ ယောက်ထဲမှာ ပါဝင်ခွင့်ပေးတဲ့ ဒိုင် ၃ ဦးကို အရမ်းပဲ ကျေးဇူးတင်တယ်။ ဒီ Myanmar Idol က ကျနော်တို့အတွက် အခွင့်အရေးကောင်း တခုဖြစ်တဲ့အတွက် စီစဉ်ပေးတဲ့ မမီးကိုကျေးဇူးတင်တယ်။ အရမ်းလည်း ဝမ်းသာတယ်။ ဆက်လက် ကြိုးစားသွားမယ်။
အခု Live Show အတွက်ကတော့ ကျနော်က စကားလုံး မပီတာပေါ့။ ဒိုင် ၃ ဦးကလည်း ပြောတယ်။ အဲ့အတွက် ပြင်ဆင်နေတယ်။ ပြီးတော့ ကိုယ်နားမထောင်ဖူးတဲ့ သီချင်းအမျိုးအစားတွေကိုလည်း နားထောင်ရတယ်။ သီချင်းမျိုးစုံကို နားထောင်နိုင်အောင် အတတ်နိုင်ဆုံး အားရင်အားသလို နားထောင်ဖြစ်တယ်။ ပြီးတော့ ၁၁ ယောက်လုံးမှာ ကျနော်က ရုပ်အဆိုးဆုံး၊ အရပ်လည်း အပုဆုံးဆိုတော့ ရုပ်ချောအောင်လို့ ပြင်ဆင်နေတယ်။
နော်စေးစေးထူး
အရင်ဦးဆုံး Top 11 ထိပါလာပြီဆိုတော့ ဘုရားသခင်ရဲ့ဂုဏ်တော်ကို ချီးမွမ်းပါတယ်။ ညီမတို့အနေနဲ့ဆိုရင် ဒီရန်ကုန်မြို့ထိ လာပြိုင်ဖို့က မဖြစ်နိုင်ဘူး။ အိမ်ကနေ အစ်မတွေ၊ အဒေါ်တွေရဲ့ ပံ့ပိုးမှုနဲ့ ပြိုင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာတယ်။ အကောင်းဆုံးသီချင်းတွေ အများကြီးလည်း ကြိုးစားရတယ်။ အစပိုင်းမှာတော့ ကိုယ်ကြိုက်တဲ့သီချင်းတွေ ပေါ့ပေါ့ပါးပါး ပြိုင်ခဲ့ရတယ်။ တဆင့်ပြီးတဆင့် Solo Round ရောက်တဲ့အခါကျတော့ ကိုယ့်အတွက် တကယ်ရင်ခုန်ဖို့ ကောင်းတဲ့နေ့တနေ့ပေါ့။
Live Show ကလည်း စတော့မှာဖြစ်တဲ့အတွက် အသံရော၊ ကျန်းမာရေးရော ပြင်ဆင်ထားတယ်။ First Live မှာလည်း အကောင်းဆုံးချပြဖို့ ပြင်ဆင်ထားပါတယ်။
ဘင်ဂျမင်ဆုမ်း (Benjamin Sum)
တဆင့်ပြီးတဆင့် တက်လာတာဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဖြစ်တယ်။ Solo Round မှာ စိန်ခေါ်မှု အကြီးကြီး ဖြစ်တယ်။ အဲဒါကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ဖြတ်ကျော်နိုင်ခွင့်ပေးတဲ့ ဘုရားသခင်ကိုကျေးဇူးအများကြီး တင်တယ်။ အခု First Live ထိ ရောက်လာတယ်ဆိုတော့ Live ဆိုရတော့မှာပေါ့။ တက်မှာလား၊ မတက်ဘူးလား ဆိုတာကို ပြောလို့မရဘူး။ အဲ့အချိန်မှာ ကျနော်က ကျနော့်အမေအတွက် သီချင်း ၁ပုဒ်ရွေးထားပါတယ်။ အမေ့အတွက် သီဆိုချင်ပါတယ်။ ပြီးတော့အားပေးတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ။ ခံစားချက်တွေက ပြန်လာတယ်။
ခြူးဆစ်ဟန်
ပြိုင်ပွဲတောက်လျှောက်မှာ မတူညီတဲ့ ပုံစံတွေနဲ့ ဒိုင်တွေချပေးတဲ့ သီချင်းပုံစံတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်ပြီးတော့ ယှဉ်ပြိုင်သွားပါမယ်။
မြန်မာအိုင်ဒေါကို အရမ်းကြိုက်တယ်။ တကယ့်ကို အရည်အချင်းရှိတဲ့သူတွေကို မွေးထုတ်ပေးတဲ့ ပြိုင်ပွဲတခုပေါ့။ များသောအားဖြင့် ဒီပြိုင်ပွဲက မြန်မာတနိုင်လုံးက ပရိသတ် အခိုင်အမာ ရှိတယ်။ အရမ်းအားပေးပြီး ပရိသတ် အခိုင်အမာ ရကြတယ်ဆိုတော့ ညီမကိုယ်တိုင်လည်း ပရိသတ်တယောက်ဆိုတော့ ကိုယ်တိုင်လည်း စိတ်အားထက်သန်ပြီးတော့ ပါဝင်ဖြစ်ခဲ့တာပါ။
အရင်တုန်းက မိန်းကလေးတွေက Voting ပေးတယ်။ ယောကျ်ားလေးတွေပဲ Winner ရတယ်ဆိုပေမယ့် အခုနောက်ပိုင်းတော့ မိန်းကလေးတွေ အချင်းချင်း ချစ်လာကြပါပြီ။ အဲ့အတွက်ကိုယ်လည်း အားတက်တယ်။ မိန်းကလေးတွေကိုလည်း အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အကောင်းဆုံး ကြိုးစားသွားပါမယ်။
စနေလင်းကျော်
ကျနော့်ခံစားချက်ကတော့ အတိုင်းမသိပါပဲ။ ပါမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ တဆင့်ပြီးတဆင့်တိုင်းတော့ ကြိုးစားခဲ့ပါတယ်။ ပါသွားတော့လည်း အတိုင်းမသိပါပဲ။ ရွေးချယ်ပေးတဲ့ဒိုင် ၃ ဦးကိုရော၊ ကျနော့်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း ကျေးဇူးတင်ပါတယ်။
ကျနော်ကအရင်က Unplugged ဆိုတဲ့သူတယောက်၊ ဒီမြန်မာအိုင်ဒေါကို ရောက်လာတဲ့အချိန်မှာတော့ ကျနော့်ရဲ့ Lifestyle လေးတွေ ပြောင်းသွားတယ်။ အရှေ့က အစီအစဉ်တွေကို ကြည့်လိုက်တဲ့အခါမှာလည်း တကယ့်ကို ပံ့ပိုးပေးတယ်။ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းတွေကို ချပြလို့ကောင်းမယ့် နေရာတခုလို့မြင်ပြီး လာပြိုင်ဖြစ်တာပါ။
တန်ခွန်ကျော်
ရင်ခုန်တာတော့ အရမ်းပဲ။ ဒီ Top 11 ဆိုတာ လူတိုင်း ပိုင်ဆိုင်ခွင့်မရှိတဲ့ အခွင့်အရေးဆိုတော့ အရမ်းလည်း ပျော်ပါတယ်။ အရမ်းလည်း ရင်ခုန်ပါတယ်။ ပြင်ဆင်မှုကတော့ နံပတ် ၁ အနေနဲ့ အဆိုပြိုင်ပွဲဖြစ်လို့ သီချင်းအစုံကို နားထောင်ရတယ်။ နံပါတ် ၂ ကတော့ စိတ်ဓာတ်ပေါ့။ ကျနော်တို့ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ပြိုင်ပွဲဝင်ဖို့အတွက် ပြင်ဆင်ရပါတယ်။ နံပါတ် ၂ ကတော့ ကျန်းမာရေးကို ဂရုစိုက်ရပါတယ်။
ပြိုင်ဘက်ကောင်းတွေ ဘာတွေဆိုတာက အရေးမကြီးဘူး။ ၁၁ ယောက်လုံးက တော်တယ်။ တခြား ၁၀ ယောက်ကို မကြည့်ဘဲနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ပြိုင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဘယ်လောက် တိုးတက်လာလဲ ဒီအရာပေါ်မှာ အဲဒါကိုကြည့်ပြီး ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။
အမေကတော့ ကျနော့်အတွက် သူရဲကောင်းကြီးပေါ့။ အရမ်းဆင်းရဲတော့ ငွေရေးကြေးရေးမပံ့ပိုးပေးနိုင်ဘူး။ ဒါပေမယ့် လူတယောက်မှာ အရမ်းအရေးကြီးတဲ့ စိတ်ဓာတ်ရေးရာကို အမြဲတမ်း အားပေးစကားပြောတယ်။