Myanmar Idol ပြိုင်ပွဲကြီး စတင် ကျင်းပခဲ့စဉ်ကစပြီး ယခုနှစ်အထိ Host တယောက်အနေနဲ့ ပါဝင်လျက်ရှိတဲ့ ကျော်ထက်အောင်ကတော့ ပြိုင်ပွဲဝင်များ ဝမ်းနည်းတဲ့အခါမျိုးမှာဖက်ပြီး နှစ်သိမ့်ပေးတာဟာ သူတယောက်တည်း ရှိတာကြောင့် လုပ်ဖြစ်တာလို့ ပြောပါတယ်။
“ကောင်မလေးတွေက ဝမ်းနည်းပြီးတော့ ပြေးဖက်တဲ့အခါမှာ အားကိုးရာမဲ့တော့ ကျနော် တယောက်ပဲ ရှိတာ။ ကင်မရာမန်း အစ်ကိုတွေကိုလည်း ဖက်လို့ မရတော့ ကျနော် တယောက်ပဲရှိတော့ ကျနော့်ကိုပဲ ဖက်ကြရတာပါ။ ရုပ်သံလိုင်းမှာ မပြဘဲနဲ့ ဖက်လိုက်ရတာတွေ အများကြီးပဲ။ နယ်ပေါင်းစုံက လူတွေကိုဖက်ရတာပေါ့”လို့ ကျော်ထက်အောင်က ပြောပါတယ်။
Host တယောက်အနေနဲ့ တချို့သောပြိုင်ပွဲရဲ့အဖြေများကို ကြိုသိရတာမျိုးရှိပြီး အဲဒီအတွက် စိတ်ပိုင်းဆိုင်ရာအရ ဘယ်လို နှစ်သိမ့်ပေးရမလဲ ဆိုတာတွေလည်း လိုအပ်တယ်လို့ ပြောပါတယ်။
“တချို့ Result တွေက ကြိုသိတယ်။ ကြိုသိပြီးတော့ သူတို့အရှေ့မှာကျတော့ ဟန်ဆောင်ပေးနေရတယ်။ ပြီးတော့ ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာတွေ အများကြီး လိုအပ်တယ်။ ဥပမာ သူတို့နဲ့ ပါလာတဲ့ မိသားစုဆိုရင်လည်း ကိုယ်ဘယ်လို နှစ်သိမ့်ရမလဲဆိုတာကို ပြင်ဆင်ထားရတာပေါ့”လို့ ကျော်ထက်အောင်က ပြောပါတယ်။
ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်များရဲ့ မိဘများကို ကိုယ်ချင်းစာပြီး သနားစရာ အရမ်း ကောင်းတယ်လို့ ပြောပါတယ်။
“ကျနော်က မိဘတွေကို ကိုယ်ချင်းစာတာ၊ ကိုယ်သာ ဝင်ပြိုင်နေရင် ကျနော့်အမေ ဆိုရင်လည်း အနောက်မှာ နေမထိထိုင်မသာ ဖြစ်နေမိမှာပဲ။ မိဘတွေက ပြန်ထွက်လာတဲ့အချိန်မှာ သူတို့သားသမီး မရလို့ ဝမ်းနည်းတာကို ဖုံးကွယ်ပြီးတော့ အားပေးရတယ်။ အရမ်းသနားဖို့ ကောင်းတယ်။ ရလာပြီဟေ့ ဆိုရင်လည်း ပျော်တာမှ ခုံတောင် မတွေ့တော့ဘဲ နောက်ပစ်လဲတာတွေတောင် တွေ့ရတယ်”လို့ ကျော်ထက်အောင်ကပြောပါတယ်။
Myanmar Idol မှာတော့ Winner ရရှိသူက ယောကျ်ားလေးများ ဖြစ်နေတဲ့အပေါ်မှာလည်း အခုလို ဆိုပါတယ်။
“Voting တကယ်ပေးတာ မိန်းကလေးတွေ ဖြစ်နေတာလေ။ ယောကျ်ားလေးတွေက ကြိုက်သာကြိုက်၊ Status သာတင်တာ။ တကယ် ပိုက်ဆံထွက်ဖို့ဆိုရင် ယောကျ်ားလေးတွေ မလုပ်ကြဘူး။ မိန်းကလေးတွေပဲ လုပ်ကြတာ။ အဲဒါကြောင့် ယောကျ်ားလေးရတဲ့ အရေအတွက်က များသွားတာ။ တီဗီရှေ့မှာ ထိုင်ကြည့်တဲ့နှုန်း၊ Voting ပေးခါနီး Sent လုပ်တာ မိန်းကလေးတွေ လုပ်ကြတာ။ ယောကျ်ားလေးတွေက ပါးစပ်အရသာခံတာ များတယ်”လို့ ကျော်ထက်အောင်က ပြောပါတယ်။
ယခုနှစ် Season 4 မှာတော့ ပရိသတ် သိပြီးသားသူများ ပါလာတာကိုလည်း တွေ့ရပြီး အခုလို ပါလာတာဟာ အာရုံစိုက်မှု ပိုများလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အာရုံစိုက်မှု ပိုများလာမှာပေါ့။ သူတို့နယ်ပယ် တခုမှာတော့ သူတို့ဆိုတဲ့ အရာတခု ဖြစ်ကောင်းဖြစ်ခဲ့မယ်။ ဒီအဆိုပြိုင်ပွဲမှာကျတော့ အားလုံးက ဂုဏ်ရည် တူရမယ်။ အဲ့အခါကျတော့ သူတို့ပြိုင်ဖို့ကို ရင်ဘောင်တန်းနိုင်မှရမယ်”လို့ ကျော်ထက်အောင်က ပြောပါတယ်။
ကျော်ထက်အောင်အနေနဲ့ကတော့ ပြိုင်ပွဲဝင် ၁၁ ယောက်လုံးကို Voting ပေးလေ့ ရှိပြီး မနှစ်ကတော့ ငွေစင်လှိုင်းကို vote လုပ်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော်ကတော့ များသောအားဖြင့် ၁၁ ယောက်စတာနဲ့ ၁၁ ယောက်လုံး အမြဲပေးနေကျပေါ့။ မနှစ်ကတော့ ငွေစင်လှိုင်းလို ဖန်တယောက်အနေနဲ့ ပေးလာတဲ့သူကိုတော့ ပေးဖြစ်မှာပေါ့” လို့ ကျော်ထက်အောင်ကပြောပါတယ်။
ကျော်ထက်အောင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ပရိသတ်ရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့ပြီး ယခုအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာလည်း ရိုက်ကူးထားပါတယ်။