Entertainment

ဒုတိယကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ တရုတ်မင်းသမီး Zhang Ziyi

အသက် ၄၀ အရွယ်မင်းသမီး Zhang Ziyi ဟာ ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားရပြီလို့ ဆိုရှယ်မီဒီယာပေါ်မှာ အတည်ပြုလိုက်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာ တင်ခဲ့တဲ့ Weibo ပို့စ်တခုမှာတော့ မင်းသမီးက သူဟာ သီတင်းပတ် ၃၀ ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ပြီး ကိုယ်အလေးချိန် ၅၈ ကီလိုဂရမ် ရှိတဲ့အကြောင်း၊ ကိုယ်အလေးချိန် တက်လာတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ကိုယ်ဝန်လွယ်ထားရတဲ့ ဗိုက်ကို ဖော်ပြထားတဲ့ ဓာတ်ပုံ ၁ ပုံကိုလည်း တင်ခဲ့ပါတယ်။

မင်းသမီး Zhang ဟာ တရုတ်ရော့ခ်အဆိုတော် Wang Feng နဲ့လက်ထပ်ထားသူဖြစ်ပြီး သူတို့နှစ်ဦးမှာ လာမယ့် ဒီဇင်ဘာလကျရင် အသက် ၄ နှစ်ပြည့်မယ် သမီးတဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဆိုတော် Wang မှာကတော့ အရင်အိမ်ထောင်တွေနဲ့ ရရှိထားတဲ့ သမီးနှစ်ဦးလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ခင်ပွန်းဖြစ်သူ Wang နဲ့အတူ ပေကျင်းလေဆိပ်မှာ ကိုယ်ဝန်လွယ်ထားရတဲ့ ပုံစံနဲ့ မင်းသမီးကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရပြီလို့ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မင်းသမီးတို့ ဇနီးမောင်နှံ နှစ်ဦးလုံးက အဲ့ဒီကောလာဟလတွေကို အတည် မပြုခဲ့ပါဘူး။

“Crouching Tiger”, “Hidden Dragon” ရုပ်ရှင်တွေနဲ့ ကမ္ဘာတခွင်မှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာ ပိတ်မယ့် ၃၂ ကြိမ်မြောက် တိုကျို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

မင်းသမီးဟာ အဲ့ဒီပွဲတော်ရဲ့ ဂျူရီ ဥက္ကဋ္ဌအဖြစ် တာဝန်ထားပါတယ်။ ဂျူရီအဖွဲ့ထဲမှာ ပါဝင်တဲ့အခြားအဖွဲ့ဝင်တွေထဲမှာ အမေရိကန် ရုပ်ရှင်နဲ့ ရုပ်သံထုတ်လုပ်သူ Bill Gerber၊ ပြင်သစ်မင်းသမီးနဲ့ ထုတ်လုပ်သူ Julie Gayet ၊ ဒိန်းမတ် ရုပ်ရှင်ဒါရိုက်တာ Michael Noer နဲ့ ဂျပန်ရုပ်ရှင်ဒါရိုက်တာ Ryuichi Hiroki တို့လည်း ပါဝင်ကြပါတယ်။

မင်းသမီးရဲ့အဆိုအရ သူနဲ့တခြား ဂျူရီအဖွဲ့ဝင်တွေဟာ နောက်ထပ်လာမယ့် ၈ ရက်အတွင်းမှာ ပြသမယ့် ရုပ်ရှင် ၁၄ ကားအတွက် အဓိကဆုကြီး ၇ ခုအတွက် အနိုင်ရရှိသူတွေကို ဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

သူက “အားလုံးနဲ့ပျော်ရွှင်မှုကို ဝေမျှချင်ပါတယ်။ ဒနေ့မှာ ကျမဟာ အလုပ်အပေါ် ချစ်မြတ်နိုးတဲ့သူ အဖြစ်နဲ့ မိခင်လောင်း တဦးအဖြစ် အထူးနာမည် ဂုဏ်ပုဒ်ကို ရရှိခဲ့ပါပြီ။ အဲ့ဒီဂုဏ်ပုဒ် နှစ်ခုလုံးအတွက် ကျမ အထူးပဲ ဂုဏ်ယူမိပါတယ်။ အားလုံးရဲ့ စိတ်ဝင်စားပေးမှုနဲ့ ထောက်ခံပေးမှုအတွက် ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Ref:asiaone

You may also like these stories:

မင်းသမီး ဖန်ပင်းပင်း ပါဝင်တဲ့ Louis Vuitton ကြော်ငြာတွေကို နာရီပိုင်းအတွင်း ပြန်ဖြုတ်ချခဲ့

ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ မင်းသမီး ဂေါင်းလီရဲ့ ရုပ်ရှင်အသစ် “Saturday Fiction”

မင်းသမီး ဖန်ပင်းပင်းကို အွန်လိုင်းမှာ အသရေဖျက်သူ ဒေါ်လာ ၃၁,၀၀၀ နစ်နာကြေး ပေးခဲ့ရ

ဟောင်ကောင် ရဲတပ်ဖွဲ့ဘက်ကနေ Liu Yifei ရပ်တည်ခဲ့တာကြောင့် “Mulan” ရုပ်ရှင် သပိတ်မှောက်ခံရ

Loading