အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် မင်းသားကြီး အာနိုး ရှာဝါ ဇနက်ဂါနဲ့ မင်းသမီး လင်ဒါ ဟာမီတန်တို့ရဲ့ “Terminator: Dark Fate” ရုပ်ရှင်အထူးပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
အဲ့ဒီအထူးပွဲကို ဟောလိဝုဒ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး အားနိုး၊ ဟာမီတန်၊ ဂေဘရီရယ် လူနာနဲ့ မက်ကန်စီ ဒါဗစ်တို့ တက်ရောက်ဖို့ ပြင်ဆင်ထားခဲ့တာပါ။
Paramount Pictures ကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ “အဲ့ဒီဒေသမှာ မီးလောင်ကျွမ်းနေတဲ့ အတွက် Paramount Pictures နဲ့ Skydance တို့ဟာ လော့စ်အင်ဂျလိစ်မှာ ပြုလုပ်မယ့် ‘Terminator: Dark Fate’ ရုပ်ရှင် အထူးပွဲကို ဖျက်သိမ်းလိုက်ကြောင်း၊ မီးဘေးသင့်သူတွေကို ကယ်ဆယ်ပေးနေတဲ့ အမေရိကန် ကြက်ခြေနီအဖွဲ့ကိုလည်း အထူးပွဲပြီး ပါတီအတွက် ရည်ရွယ်ထားတဲ့ အစားအစာတွေကို လှူဒါန်းမှာဖြစ်ကြောင်း” ဖော်ပြထားပါတယ်။
Variety မီဒီယာရဲ့အဆိုအရ တောမီးဟာ Getty Center အနီးမှာရှိတဲ့ 405 လမ်းကြောင်းတလျှောက် တောင်ပိုင်း ကယ်လီဖိုးနီးယားဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ အစောပိုင်းက စလို့ လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့် သိရပါတယ်။ မီးသတ်သမားတွေကလည်း မီးကို ငြိမ်းသတ်ဖို့ လုပ်ဆောင်နေကြပြီး အိမ်ခြေနဲ့ စီးပွားရေး အဆောက်အဦ ၁ သောင်းကျော်ကို နေရာရွှေ့ပြောင်းထားကြဖို့ အမိန့်ထုတ်ထားရပါတယ်။
Twitter မှာ တင်တဲ့ ပို့စ်တခုမှာတော့ မင်းသားကြီး အာနိုးက မနက် ၃ နာရီခွဲလောက်မှာ နေအိမ်ကနေ စွန့်ခွာခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
မင်းသားကြီးက “ကျနော်တို့ဟာ ဒီမနက် ၃ နာရီ ၃၀ မိနစ်မှာ ဘေးကင်းစွာ ပြောင်းရွှေ့လာခဲ့ပါပြီ။ တကယ်လို့ ခင်ဗျားတို့ဟာ ကယ်တင်ရေးဇုန်ထဲမှာ ရှိနေမယ်ဆိုရင် ပေကပ် မနေကြပါနဲ့။ ထွက်လာခဲ့ကြပါ။ အခုတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး မီးသတ်သမားတွေ၊ ကယ်လီဖိုးနီယားပြည်သူတွေကို ကာကွယ်ဖို့ အန္တရာယ်ထဲပြေးဝင်ကြတဲ့ သူရဲကောင်းတွေကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
ဒါရိုက်တာ Tim Miller ရိုက်ကူးထားတဲ့ “Terminator: Dark Fate” ရုပ်ရှင်ကို နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
ဓာတ်ပုံ တပုံတည်းမှာ အတူတွဲမြင်တွေ့ရတဲ့ အက်ရှင် မင်းသားကြီး အာနိုးနဲ့ ဂျက်ကီချန်း
တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲမှာ မဟုတ်ကြောင်း အာနိုးပြော
ရာသီဥတု ဆိုးရွားလာမှုကို ကာကွယ်ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို
အမေဇုန်ထက် တောမီးလောင်မှု ပိုများနေတဲ့ အာဖရိကသစ်တော