R.O.S (Rose of Sharon) Band မှ လိဒ်ဂစ်တာသမား ဇော်လတ်နှင့် တွေ့ဆုံခြင်း
MPT နဲ့ Easy Boy co.,Ltd တို့ ပူးပေါင်းဆောင်ရွက်တဲ့ တေးသံသာ(Tay Than Thar) Music Application ဝန်ဆောင်မှုအသစ်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ LOTTE ဟိုတယ် ၊ Grand Ballroom ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဂီတပညာရှင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီလို တက်ရောက်လာသူတွေထဲမှာ မြန်မာနိုင်ငံက ဂီတဝိုင်းတဝိုင်းဖြစ်တဲ့ R.O.S (Rose of Sharon) က လိဒ်ဂစ်တာသမား ဇော်လတ်လည်း ပါဝင်ပါတယ်။
လိဒ်ဂစ်တာသမား ဇော်လတ်ဟာ စင်ပေါ်မှာ တီးခတ်ဖျော်ဖြေတဲ့အခါ တည်တည်ငြိမ်ငြိမ် တီးခတ်ဖျော်ဖြေသူတယောက်ဖြစ်ပြီး သူ့လက်ရာတွေကလည်း တိကျသေချာပါတယ်။ ဒါကြောင့်လည်း ဇော်လတ်နဲ့ ဧရာဝတီ သတင်းဌာန တွေ့ဆုံစဉ်မှာ အခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။ Metal Zone မဟုတ်တော့ဘဲ R.O.S Band အနေနဲ့ သက်တမ်း ဘယ်လောက် ရှိသွားပြီလဲ။
ဖြေ။ ။ R.O.S အနေနဲ့ပြောမယ်ဆိုရင် အခုသက်တမ်း ၆ နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။
မေး။ ။ ကိုဇော်လတ်ရဲ့ သီချင်းတပုဒ်ကို တေးသံသာမှာ တင်ထားတာ တွေ့လိုက်တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ “ကမ္ဘာမြေအဓွန့်ရှည်ပါစေ” ဆိုတဲ့သီချင်း၊ ကိုယ်တိုင်ရေးဖြစ်ပုံလေး ပြောပြပါဦး။
ဖြေ။ ။ လူတွေအများကြီးနဲ့ သက်ဆိုင်တဲ့ သီချင်းတပုဒ် ရေးဖြစ်မယ်လို့ စိတ်ကူးထားတာ ကြာပြီ။ မရေးဖြစ်ဘူး။ မရဘူးပေါ့နော်။ ကျနော် နေတာက ညောင်တန်း၊ နေတာကလည်း ၇ လွှာ။ ညောင်တန်းဆိုတော့ ကျနော် ကြည့်လိုက်ရင် ပုစွန်တောင်မြစ်ကြီးပေါ့။ ကောင်းကင်ကြီးကို ကြည့်လိုက်ရင်း ကျနော်သိထားတဲ့ ဒီ ကမ္ဘာပျက်တဲ့ အကြောင်းပေါ့။ ကျနော်သိထားတာတွေ၊ ဖတ်ဖူးထားတာတွေနဲ့ အမြဲ တွေးရင်းတွေးရင်းနဲ့ အဲ့အကြောင်းအရာကို ကျနော်ရသွားခဲ့ပြီး ရေးဖြစ်သွားတာပါ။ အဓိကကတော့ အများနဲ့ သက်ဆိုင်တဲ့ဟာပေါ့လေ။
မေး။ ။ အဲ့သီချင်းကို ကိုယ်တိုင် ဆိုဖြစ်တဲ့အကြောင်းကော ပြောပြပေးပါဦး။
ဖြေ။ ။ကိုယ်တိုင်ဆိုဖြစ်တဲ့ အကြောင်းကတော့ ကျနော်တို့က အသံကောင်းတဲ့လူလည်း မဟုတ်ပါဘူး။ အဓိကကတော့ ဒီဂီတကိုပဲ ရူးသွပ်တာပေါ့။ ဒါပေမယ့် တချို့ကိစ္စတွေမှာ ကိုယ်တိုင် ဆိုချင်စိတ်တွေ ရှိလာလို့ပဲ ကိုယ်တိုင် ဆိုဖြစ်သွားတာပါ။
မေး။ ။ Myanmar Music Award 2014 ရခဲ့တဲ့ “ချယ်ရီနွေဦး” Album ကို တီးဖြစ်ပုံကကော။
ဖြေ။ ။ မှတ်မှတ်ရရပေါ့။ PTL မှာ တီးခဲ့တာပေါ့လေ။ သီချင်းတွေအကုန် ကောင်းပါတယ်။ သီချင်း တွေ ကောင်းတဲ့အပြင် PTL မှာ လုပ်တော့ ကိုချစ်စမ်းမောင်ရဲ့ Mixing ကလည်း အရမ်း ကောင်းတာလည်း ပါပါတယ်။ ကိုယ်တို့တီးတာက ဒီလောက် မကောင်းပါဘူး။ ကိုချစ်စမ်း မောင်ရဲ့ Mixing က အများကြီး ကျနော်တို့အပေ ါ်ပံ့ပိုးပေးတာပါ။ တကယ့်ကို ကျေနပ်အားရတဲ့ ခွေတခွေပါ။
မေး။ ။ “နောက်လူမြည်းရင် ချိုပါစေ”Album အကြောင်းလည်း ပြောပြပေးပါဦး။
ဖြေ။ ။ “နောက်လူမြည်းရင် ချိုပါစေ” ကတော့ ကျနော့်တို့ ကိုဃအတွက် မှတ်မှတ်ရရပေါ့။ ဃကြီးဆိုတာ ကိုဟယ်ရီလင်းပေါ့နော်။ အဲဒီခွေ ထွက်ပြီးနောက်ပိုင်း ကိုဟယ်ရီက မကျန်းမာ တော့တာပေါ့။ ကျနော်တို့ လုံးဝ မထင်ထားပါဘူး။ အသက်ပါ ပါသွားမယ့် အထိကို။ ကိုဟယ်ရီဆိုလည်း ကျနော်တို့ ကျေးဇူးရှင်ဆိုလည်း ဟုတ်ပါတယ်။ ယနေ့အထိ ကျနော်တို့ ကိုဟယ်ရီ့ကို မမေ့ပါဘူး။
မေး။ ။ လက်ရှိကော ဘယ် Album တီးဖြစ်နေလဲ။
ဖြေ။ ။ ကျနော်တို့ အခု ဖိုးပြည့်ရဲ့ ဒုတိယစီးရီး တီးနေတာ ၈ ပုဒ်လောက်တော့ ရှိပြီ။ တန်ဆောင်တိုင်ပြီးရင်တော့ ဖိုးပြည့် အခွေ အပြီးတီးမှာပေါ့နော်။ နောက်ပြီး ကိုဇဏ်ခီ သီချင်းတွေလည်း ကျနော်တို့ ၁၆ ပုဒ်လောက် တီးပြီးသွားပြီ။ သူလည်း ဒီနှစ်ထဲတော့ မထွက်နိုင်သေးဘူး။ နောက်နှစ်လောက်တော့ ထွက်ဖြစ်မှာပေါ့။ အခု သူထွက်တဲ့ ရုပ်ရှင် “Now & Ever” လည်း ရုပ်ရှင်သီချင်း ၅ ပုဒ်က ကျနော်တို့ R.O.S ပဲ တီးထားတာ။
မေး။ ။ တေးသံသာ Application နဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျနော်တို့ဆီမှာ နောက်တောင် နောက်ကျနေပါပြီ။ ကျနော်တို့တွေအတွက် တကယ်ကို အကျိုးရှိမယ့် Application တခုပေါ့။ ကျနော်တို့တွေရဲ့ မူပိုင်ခွင့်တွေကို ကာကွယ်ပေးတဲ့ အရာတခုလည်း ဖြစ်တဲ့အတွက် အများကြီး Welcome ပါ။ ကြိုဆိုပါတယ်။ ကျနော်ကတော့ အရမ်းကောင်းတယ်လို့ပဲ မြင်တယ်။ ကျနော်တို့က ရေစီးကြောင်းကို လက်ခံမှရမယ်။ ရေစီးကြောင်း လက်မခံရင်တော့ ကျန်ခဲ့မှာပဲ။
ဒီလိုမျိုးလုပ်လာတွေကို အများကြီးမျှော်လင့်တယ်။ တခွေလုံးလုပ်ဖို့ မလွယ်တော့သလို စီဒီဆိုလည်း နာမည်ကြီးတွေတောင် မဝယ်တာ။ ကျန်တဲ့ နာမည်သစ်တွေဆို ဘယ်သူမှတောင် ဝယ်မှာ မဟုတ်ဘူး။ အဲဒီတော့ ဒီလိုမျိုး တပုဒ်ချင်းကပဲ ကျနော်တို့ကို မျှော်လင့်ချက်အများကြီး ပေးစွမ်းနိုင်တာပေါ့။
မေး။ ။ ဂစ်တာသမားတယောက် အနေနဲ့ကော ရပ်တည်ရတာ ခက်ခဲတာမျိုး ရှိလား။
ဖြေ။ ။ ဒါကတော့ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းပဲလေ။ ကျနော်မှာ ဘာရှိလဲဆိုတော့ စာပေကပေးတဲ့ အသိတရားတွေ ရှိတော့ ဒီလမ်းကြောင်းရွေးချယ်ရင် ဒီလိုဖြစ်မယ်ဆိုတာကို ကြိုသိတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ရဲရဲဝံ့ဝံ့ပဲ လျှောက်ခဲ့ပါတယ်။ ။