Entertainment

"ဟန်နေတာဆိုတဲ့ နာမည်ကို အွန်လိုင်းမှာ Troll ကြတဲ့အတွက် ပျော်ပါတယ်"

Want create site? Find Free WordPress Themes and plugins.

ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ Eternal Gosh အဖွဲ့မှ အဆိုတော် ဟန်နေတာက ဒုတိယခွေ ထွက်ဖို့ လုပ်နေပြီး သူ့ရဲ့နာမည်ကို အွန်လိုင်းမှာ Troll ကြတဲ့အတွက် ပျော်တယ်လို့ ဆိုပါတယ်။

“ကျနော် ဒုတိယခွေ လုပ်နေတယ်။ နောက် Music Video တပုဒ် ထွက်ဖို့ရှိတယ်။ ဘယ်အရာမဆို နှစ်ခုရှိ တယ်။ ကောင်းတာ ဝေဖန်တာရှိသလို၊ မကောင်းတာ ဝေဖန်တဲ့သူလည်း ရှိတယ်။ အကောင်းအဆိုး နှစ်ခု လုံးပြုံနေရင် မနေတတ်ဘူး။ ဝေဖန်မှုက မတူကြဘူး။ ဘာမှမဟုတ်ခင်တုန်းကတော့ တမျိုး၊ နာမည်လေး ရလာတော့ တမျိုး၊ သူတို့ အမြင်တွေပဲ ပြောကြတယ်လို့ ထင်ပါတယ်။”

“အွန်လိုင်းမှာ ကျနော့်ကို နာမည်လေးနဲ့ စကြတယ်။ တကယ့် စီနီယာ အစ်ကိုတွေကလည်း ကျနော့် သီချင်းလေးကို ပြက်လုံး ပြက်ကြတော့ ပီတိဖြစ်တယ်၊ ဝမ်းလည်း ဝမ်းသာတယ်။ ကျနော့် နာမည် ဟန်နေတာ ဆိုတာကို သတိမထားမိခဲ့ဘူး။ သူတို့တွေ Troll ကြမှ ရယ်နေတာ၊ ငိုက်နေတာ၊ ငိုနေတာဆိုတာ ကျနော် သိတာပေါ့။ ကျနော် ငယ်ငယ်ကတည်းက အိမ်နာမည်က ဟန်နေတာပါ။ အဲ့လို Troll ကြတော့ ကျနော်ပျော်ပါတယ်။ ဒီနာမည်က ကျနော့်အတွက် တန်ဖိုးထားရလို့ မပြောင်းပါဘူး”လို့ ဟန်နေတာက ပြောပါတယ်။

အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်နေတာကြောင့်လည်း ချစ်သူရည်းစားထားဖို့ အဆင်မပြေဘူးဆိုတဲ့ ဟန်နေတာက မိန်းကလေးတွေ အားပေးကြတဲ့အတွက် ဝမ်းသာတယ်လို့လည်း ဆိုပါတယ်။

“အချစ်ရေးကတော့ ကျနော် ရည်းစား မထားဘူး။ ထားလို့ မရဘူး။ အဆင်မပြေဘူး။ သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းတယ်။ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ အဆင်ကို မပြေသေးတာ။ လက်ရှိတော့ ရည်းစား မရှိဘူး။ ကျနော်တို့ အနုပညာအလုပ်တွေနဲ့ အဆင်မပြေတာပေါ့နော်။ အနုပညာသမားရဲ့ ခံယူချက်က တမျိုး၊ အပြင်က လူတွေက တမျိုးဆိုတော့ အဆင်မပြေတာပေါ့”လို့ ဟန်နေတာက ပြောပါတယ်။

ဆက်လက်ပြီး ဟန်နေတာက သူ သဘောကျတဲ့ မိန်းကလေးပုံစံက ဘယ်လိုပုံစံလဲဆိုတဲ့ အမေးကိုလည်း အခုလိုပဲ ဖြေပါတယ်။ “ကျနော်နဲ့ ဆန့်ကျင်ဘက်လေးတွေကို သဘောကျတာ။ ကျနော်က ပိန်ပိန်သေးသေးလေးဆိုတော့ နည်းနည်းပြည့်ပြည့်လေးတွေကို ကြိုက်တယ်”လို့ ဟန်နေတာက ပြောပါတယ်။

FG Live Lounge ဖျော်ဖြေပွဲ အပြီးမှာ မိန်းကလေး ပရိသတ်တွေ ပိုပြီးရလာတဲ့ ဟန်နေတာက အရင်ကထက် ပရိသတ်များလာတဲ့ အပေါ်လည်း အခုလိုပဲ ပြောပါတယ်။

“ကျနော့်ကို မိန်းကလေးတွေ အားပေးကြတာလည်း ဝမ်းသာပါတယ်။ အရင်တုန်းက မိန်းကလေးတွေ အားပေးတာ မရှိဘူးလေ။ ယောကျာ်းလေးတွေကတော့ ပိုအားပေးကြတယ်။ Fan တွေကလည်း တဖြည်းဖြည်းနဲ့ များလာပြီ”

“ဘာပဲပြောပြာ FG မှာက တင်ဆက်မှုအားလည်း ကောင်းတော့ ပြည်သူလူထုက သိသွားတဲ့ အတွက်ကြောင့် အာရုံစိုက်မိတယ်လို့ပဲ ကျနော် ထင်ပါတယ်။ ကျနော်က လူများများရှိတဲ့ နေရာတောင် သွားရတာ အဆင်မပြေတဲ့လူပါ။ အခုလို ဖြစ်သွားတဲ့အခါကျတော့ အတွေ့အကြုံတခု ရတာပေါ့နော်။ အခုလည်း နည်းနည်းတော့ ကျင့်သားရနေပါပြီ”လို့ ဟန်နေတာက ပြောပါတယ်။

အဆိုတော် ဟန်နေတာကတော့ Eternal Gosh Band နဲ့အတူ သီချင်းတွေ ဖန်တီးနေပြီး “မိုးမခ အိပ်မက် ခရမ်းပြာ’’ဆိုတဲ့ သီချင်းနဲ့ ပရိသတ် အများအပြား အားပေးခံခဲ့ရတာ ဖြစ်ပါတယ်။

You may also like these stories:

လူငယ် အဆိုတော် နိုဗန်ထူးနဲ့ ဟန်နေတာကို ချီးကျူးလိုက်တဲ့ ဇော်ဝင်းထွဋ်

“မိုးမခအိပ်မက် ခရမ်းပြာ”သီချင်းကို ပရိသတ်ငြိတွယ်ဖို့ အချိန်တော်တော် စောင့်လိုက်ရတဲ့ ဟန်နေတာ

Did you find apk for android? You can find new Free Android Games and apps.
Loading