The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဖြစ်တဲ့ နိုဗန်ထူးက လည်ချောင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးမကောင်းတာကြောင့် သီချင်းဆိုတာ နားထားရတယ်လို့ ဆိုပါတယ်။
“ကျနော် လတ်တလောတော့ ဘာမှ သိပ်မလုပ်ဖြစ်ဘူး။ နိုဝင်ဘာ ၁၁ ရက်နေ့၊ ဆေးပေါင်းခတဲ့ ရန်ကုန်ညပွဲ ဖျော်ဖြေမယ်။ အွန်လိုင်းကနေလည်း တင်ပေးဖို့ ရှိပါတယ်။ ဒါပေမဲ့ အခု ကျနော်တို့ ရုန်းကန်နေရတုန်းဆိုတော့ နည်းနည်းကြာ နေတာပေါ့။ အခွေကတော့ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေတယ်။ ကျနော်ကိုယ်တိုင်ကလည်း လည်ချောင်းနဲ့ ပတ်သက်တာလေး ဖြစ်သွားတော့ တလလောက် နားထားရတယ်။ အဲ့မှာ အချိန်နည်းနည်းလေး ကြာသွားတာပါ”
“ကျနော့်မှာ သီချင်း သိပ်မရှိတော့ ရှိုးပွဲတွေလည်း သိပ်မဆို ဖြစ်တာ။ ကျနော်က သူများသီချင်းဆိုဖို့တော့ စိတ်မဝင်စားဘူး။ ကျနော့် ရည်ရွယ်ချက်က ကျနော့် Band ရှိတယ်။ ကျနော့် Band ကို ကိုယ်စားပြုတာပေါ့။ ကျနော်တို့ လုပ်နေတဲ့ ဂီတအရ ကျနော်တို့ နေရာမရမှုတွေက ရှိတယ်။ အခု ပိုက်ဆံတွေ ရတော့ ဂီတဆက်လုပ်ဖြစ်တယ်။ မဟုတ်ရင် ကျနော်လည်း အပြင်အလုပ် လုပ်ရတော့မှာ”လို့ နိုဗန်ထူးက ပြောပါတယ်။
ကိုယ်ပိုင်စတူရီယို လုပ်ထားတဲ့အတွက် သီချင်းရေးရတာ အဆင်ပြေတယ်ဆိုတဲ့ နိုဗန်ထူးက ရက် ၉၀ Challenge ဝိတ်ချနေတယ်လို့ ဆိုပါတယ်။
“အခုနောက်ပိုင်း အရမ်းပြောင်းလဲသွားတာတော့ မရှိပါဘူး။ အခွေလေး စပြီး တီးလို့ ရသွားတယ်ပေါ့။ အိမ်မှာ စတူရီယိုလေး လုပ်လိုက်တော့ သီချင်းရေးရတာ အဆင်ပြေလာတယ်။ ကျနော့် Band နဲ့ ပတ်သက်လာရင် ကျနော်တို့ တီးခတ်ဖို့အတွက် နေရာလေး ရလာတယ်။ သီချင်းဖန်တီးဖို့ နေရာလေး တနေရာ ရတဲ့အခါကျတော့ စိတ်ပါရင် ထတီးကြတယ်။ အရင်ကထက် အလုပ် ပိုတွင်သွားတယ်”
“ပိုက်ဆံလေးနည်းနည်း ရှိလာတော့ Recording ဖိုး တတ်နိုင်သွားတယ်။ အရင်က မတတ်နိုင်ခဲ့ဘူး။ အခု Music လုပ်ဖို့ အခွင့်အရေးတွေ ရလာတယ်။ ပြိုင်ပွဲတုန်းက ကားတော့ မစီးဖြစ်ဘူး၊ အခု စက်ဘီးစီးနေတယ်။ ဝိတ်လည်း ချနေတော့ စက်ဘီးစီးတာက ပိုကောင်းတာပေါ့။ ကျနော် ရက် ၉၀ Challenge ဆိုပြီး GYM City နဲ့ ဆော့နေတယ်။ ဘဝမှာ တခါလောက်တော့ 6 Pack နဲ့နေဖူးချင်လို့ ကြိုးစားကြည့်တာပေါ့”လို့ နိုဗန်ထူးက ပြောပါတယ်။
The Voice Myanmar Season 2 Winner နိုဗန်ထူးကတော့ သီချင်းဆို ပြိုင်ပွဲ ပြီးဆုံးပြီးနောက်ပိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် Band နဲ့အတူ သီချင်းများ ဖန်တီးနေပြီး အခွေထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
You may also like these stories:
The Voice Myanmar Season 2 ရဲ့ Winner ဆုရှင် Novem Htoo နဲ့ တွေ့ဆုံခြင်း
ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo