နိုဝင်ဘာလထဲမှာ ကျင်းပမယ့် “ဆေးပေါင်းခတဲ့ ရန်ကုန်ည” Rock Show မှာ ပါဝင် ဖျော်ဖြေမယ့် Big Bag အဖွဲ့မှ အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) ကတော့ နောက်ထပ် Album အတွက် ရှေ့လထဲမှာ စသွင်းဖို့ ရှိတယ်လို့ ပြောပါတယ်။
“အခု ရှိုးတွေ ရှိတယ်။ တခြားဟာတွေ အကုန်ရပ်ထားတယ်။ ပန်းချီကလည်း အပျော်ဆွဲတာလောက်ပဲ လုပ်ဖြစ်တယ်။ ကျနော်တို့ Album ရှေ့လမှာ စသွင်းမယ်။ လောလောဆယ် ခေါင်းထဲမှာ အဲ့ဒါပဲ ရှိတယ်။ အဲဒါ ပြီးမှပဲ ကျန်တာတွေ ဘက်ကို ဆက်ပြီးလှည့်နိုင်မယ်။ Album က နှစ်ပတ် အပြီးတီးမှာ။ ပင်းတယမှာ သွားတီးမှာပါ။ အွန်လိုင်းကနေ တင်ပေးဖို့ကတော့ မပြောတတ်သေးဘူး”
“အခွေခေတ်တော့ မကုန်သေးဘူးထင်တယ်။ ကျနော်တို့က အပြင်ခွံကို ရောင်းတာ မဟုတ်ဘူး။ အတွင်းက Content ကောင်းနေသရွေ့ ဘယ်မီဒီယာပေါ်ပဲတင်တင် ကျနော်တို့ ပြဿနာ မရှိဘူး။ အရင်တုန်းက ဓာတ်ပြားတွေ၊ ကက်ဆက်တွေ၊ အခွေတွေ အမျိုးမျိုး ပြောင်းခဲ့တာပဲ။ ခေတ်တွေ ဘယ်လိုပဲပြောင်းသွား ပြောင်းသွား အခွေထဲက ကောင်းနေဖို့က အဓိကပါပဲ”လို့ ကျားပေါက်က ပြောပါတယ်။
Big Bag အဖွဲ့ကတော့ မနေ့ကပဲ ပရိသတ်တွေနဲ့ အတူတူ “A Road To Starry Night Unplugged” DVD အခွေ မိတ်ဆက်ပွဲနဲ့ Premier Show ပြသပွဲကို Junctiy City၊ JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီးလည်း ကျားပေါက် အခုလိုပဲ ဆိုပါတယ်။
“ပွဲတီးထားတာကို ရုံမှာ ပြန်ပြတာ။ တီးပြီးတဲ့အခွေကို DVD ထည့်ပြီး ကြည့်တာထက် ရုပ်ရှင်ရုံမှာ ကြည့်ချင်ကြတယ်။ အဲ့လို လုပ်ဖို့ အကြံရတာ။ ကျနော်ကိုယ်တိုင် တီးထားတာကို Sound System အကျယ်ကြီးနဲ့ View လည်း အကြီးကြီးနဲ့ ကြည့်ချင်တယ်။ အဲ့ဒါနဲ့ ကျနော်တို့ကို Forever က မေးတာ။ ရုံမှာကြည့်မလားဆိုတော့ ကျနော်တို့ကလည်း ကျနော်ချည်းပဲတော့ မကြည့်ချင်ဘူး။ Album မထွက်ခင်မှာ အရင်ဆုံး Pre-Order မှာတဲ့ သူတွေကို ဖိတ်ပြီး ကြည့်ကြတာပေါ့”
“ကျနော့် Fan တွေနဲ့ တွေ့ရတော့ လန်းလန်းဆန်းဆန်း ပေါ့ပေါ့ပါးပါး ဖြစ်တယ်။ အခွေကတော့ ၂ ချပ်ပါ။ အပုဒ် ၃၀ လောက် ပါတယ်။ အင်တာဗျူးတွေ ပါတယ်။ ကျနော် ရုံမှာ ပြန်ကြည့်ရတော့ ရှက်တယ်။ အဲ့ဒါတွေ ကြည့်ရရင် ကျနော် ပင်ပန်းတယ်။ ကျနော် အော်ထားတဲ့ နေရာတွေ ကြည့်ရင် ပြန်အော်လိုက်ရသလို မောတယ်”လို့ ကျားပေါက်က ပြောပါတယ်။
အဆိုတော် ကျားပေါက်က လက်ရှိမှာတော့ Big Bag အဖွဲ့ဝင်များနဲ့အတူ အနုပညာအလုပ်များကို လုပ်ကိုင်လျက်ရှိပြီး The Bipolarbear Gallery ကိုလည်း ဖွင့်လှစ်ထားပါတယ်။ မကြာခင် နိုဝင်ဘာလထဲမှာ ကျင်းပမယ့် “ဆေးပေါင်းခတဲ့ ရန်ကုန်ည” ပွဲမှာလည်း ရော့ခ်အဆိုတော်များနဲ့အတူ ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။
You may also like these stories:
“မိုးမခအိပ်မက် ခရမ်းပြာ”သီချင်းကို ပရိသတ်ငြိတွယ်ဖို့ အချိန်တော်တော် စောင့်လိုက်ရတဲ့ ဟန်နေတာ
“Artist to Artist Respect ရှိစေချင်တယ်”လို့ ပြောတဲ့ ကျားပေါက်
နော်ဝေမှာ ဆုရခဲ့တဲ့ “သတိရတယ်” သီချင်းအကြောင်း ပြောပြတဲ့ ကျားပေါက်
သူများကိုဆရာ မလုပ်တတ်တာကြောင့် အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ဖို့ စိတ်ကူးမရှိတဲ့ ရင်ဂို