Seungri နဲ့ Yang Hyun Suk တို့ကို လောင်းကစား လုပ်ဆောင်မှုဆိုတဲ့ အမှုတခုတည်းနဲ့ စွဲချက်တင် လိုက်ပြီဖြစ်ပြီး အခုဆိုရင် အမှုစစ်တွေဆီကို လွှဲပေးလိုက်ပြီဖြစ်ပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဆိုးလ်မက်ထရိုပိုလစ်တန် ရဲအေဂျင်စီမှ ရာဇဝတ်မှုနဲ့ထောက်လှမ်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က Seungri နဲ့ Yang Hyun Suk တို့အပါအဝင် လူ ငါးဦးရဲ့ အမှုတွေကို လာမယ့်နိုဝင်ဘာလ ၁ရက်နေ့မှာ လောင်းကစား ပြုလုပ်မှုစွဲချက်တွေနဲ့ အမှုစစ်တွေဆီ လွှဲပေးတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ တရားမဝင်နိုင်ငံခြားငွေလွှဲပြောင်းမှု စွဲချက်တွေကို သက်သေပြဖို့ သက်သေမလုံလောက်ဘူး လို့ဆိုပြီး ဆုံးဖြတ်ထားပါတယ်။
Seungri နဲ့ Yang Hyun Suk တို့နှစ်ဦးဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ကာလ အတွင်း နိုင်ငံရပ်ခြားမှာ လောင်းကစားပြုလုပ်မှုနဲ့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ သူတို့ကို စုံစမ်း စစ်ဆေးမှုတွေအတွင်းမှာတော့ Seungri ကိုရီးယားဝမ် ၁ ဘီလီယံဖိုးနဲ့ YG အကြီးအကဲဟောင်း Yang ကတော့ အဲ့ဒီထက် အနည်းငယ်နည်းတဲ့ပမာဏနဲ့ လောင်းကစားမှု ပြုခဲ့တယ်လို့ စစ်ဆေးတွေ့ရှိထားရပါတယ်။
ရဲတပ်ဖွဲ့ကတော့ Yang အနေနဲ့ လောင်းကစားလုပ်ဖို့ YG အင်တာတိန်းမန့်ရဲ့ ငွေတွေကို အသုံးပြုခဲ့တယ်ဆိုတဲ့ စွဲချက်ကိုတော့ တင်မထားပါဘူး။ အဲ့ဒီလို စွပ်စွဲချက်တွေ ရှိခဲ့ပေမယ့် အမှန်အကန်ဖြစ်တယ်ဆိုတာ သက်သေမတွေ့ရှိရလို့ စွဲချက်မတင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကိုရီးယားရဲတပ်ဖွဲ့အနေနဲ့ အခုလိုမျိုး သူတို့နှစ်ဦးရဲ့ အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ စစ်ဆေးနေချိန်မှာ အမေရိကန် အာဏာပိုင်တွေရဲ့ အကူအညီကိုလည်း ယူခဲ့ရတယ်လို့ ဆိုပါတယ်။ YG USA ရဲ့ ဘဏ်အကောင့်အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ ကိုရီးယားအမျိုးသား ရဲအေဂျင်စီဟာ အမေရိကန်ဘဏ္ဍာရေးဌာနထံကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လတွေအတွင်းမှာ သူတို့နှစ်ဦးကို ရဲစခန်းမှာ နာရီနဲ့ ချီပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အခုလို စစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
Ref:koreaboo
You may also like these stories:
Seungri နဲ့ YG အကြီးအကဲတို့ကို လောင်းကစားမှု စွဲချက်များနဲ့ ရဲတပ်ဖွဲ့ ဆင့်ခေါ် စစ်ဆေးမည်
ဂျပန် ရင်းနှီးမြှုပ်နှံသူများနဲ့ မတွေ့ပေးမီ ပြည့်တန်ဆာများကို Seungri အိမ်ကို ပို့ပေးခဲ့ရတယ်လို့ ဆို
ဖမ်းဝရမ်း ထုတ်ပေးရေး တရားရုံးကြားနာမှုကို အဆိုတော် Seungri လာရောက်