Entertainment

သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်မှာ ပါဝင်လာမယ့် မင်းသား Nicolas Cage

ဟောလိဝုဒ်မင်းသား Nicolas Cage ဟာ “The Drop” ရုပ်ရှင်ဒါရိုက်တာ Kevin Lewis ရိုက်ကူးမယ့် သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်တကားမှာ ပါဝင်မယ်လို့ သိရပါတယ်။

ဇာတ်ညွှန်းရေးသားသူကတော့ “The Roommate” ဇာတ်ညွှန်းဆရာ G.O. Parsons ဖြစ်ပါတယ်။ “Wally’s Wonderland” လို့ နာမည်ပေးထားတဲ့ အဲ့ဒီရုပ်ရှင်အသစ်မှာတော့ မင်းသား ကေ့ချ်ဟာ သရဲခြောက်တဲ့ အပန်းဖြေ ကစားကွင်းထဲမှာ ညပိုင်းတာဝန်ယူရ မယ့် ညစောင့်တဦးအနေနဲ့ သရုပ်ဆောင်မှာဖြစ်ပါတယ်။

အဲ့ဒီကစားကွင်းထဲမှာရှိတဲ့ ချောက်ချားဖွယ် ကာတွန်း ဇာတ်ကောင်တွေ အသက်ဝင်လာခဲ့ပြီးတဲ့နောက် ညစောင့်ဟာ ကစားကွင်းထဲက ပြန်ထွက်နိုင်ဖို့ မနက်အထိ အသက်ရှင်ရပ်တည်နိုင်ရေး ကြိုးစားရုန်းကန်ရင်း မကောင်းဆိုးရွား တကောင်ချင်းစီကို တိုက်ခိုက်ရမှာလည်း ဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် မင်းသားဟာ အဲ့ဒီဇာတ်ကားမှာ ပါဝင်မယ်လို့ ပထမဆုံးကြေညာခံရတဲ့ သရုပ်ဆောင် လည်း ဖြစ်ပါတယ်။ သူဟာ အဲ့ဒီရုပ်ရှင်ကို JD Entertainment, Saturn Films, Almost Never Films, Screen Media Ventures တို့နဲ့အတူ ပူးတွဲထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ Lewis က “ကျနော့်အတွက် ကတော့ အမြဲတမ်းသရုပ်ဆောင်တယောက်ပဲ ရှိပါတယ်။ အဲ့ဒီရုပ်ရှင်ကို ရိုက်ကူးနိုင်မယ့် သရုပ်ဆောင် တယောက်ပဲ ရှိပါတယ်။ ပြီးတော့ အဲ့ဒီသရုပ်ဆောင်ဟာ Nicolas Cage ဖြစ်ပါတယ်။ ကျနော် သူနဲ့ အလုပ်အတူ တွဲလုပ်ရတာ ပျော်ရွှင်မိပါတယ်”

“Wally ရုပ်ရှင်မှာ သူဘယ်လိုကြမ်းရမ်းပြမယ်ဆိုတာကို သိချင်လို့ မစောင့်နိုင်တော့ပါဘူး။ ကျနော်ကတော့ ဒီရုပ်ရှင်ကို Killer Klowns from Outer Space နဲ့ Pale Rider ရုပ်ရှင်တွေလို ရှုမြင်ပါတယ်” လို့ဆိုပါတယ်။

အဲ့ဒီရုပ်ရှင်အပြင် “Face/Off” ရုပ်ရှင်မင်းသား ကေ့ချ်ဟာ လောလောဆယ်မှာ အလုပ်များနေသူလည်း ဖြစ်ပါတယ်။ သူ့ကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရုံတင်မယ့် “Primal” ရုပ်ရှင်မှာ မြင်တွေ့ရမှာဖြစ်သလို မင်းသားကြီး Willem Dafoe နဲ့အတူ “Siberia” ရုပ်ရှင်မှာလည်း ပါဝင်ထားပါသေးတယ်။

“Wally’s Wonderland” ရုပ်ရှင်ကိုဘယ်တော့ပြသမယ်ဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပေမယ့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာစတင်မယ်လို့ သိရပါတယ်။

Ref:AFP

You may also like these stories:

ယေရှုရဲ့ မြင့်မြတ်သော ခွက်ကို ရှာပုံတော်ဖွင့်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ မင်းသား Nicolas Cage

လက်ထပ်ပြီး ၄ ရက်အကြာ လက်ထပ် မှတ်ပုံတင်မှုကို ပလပ်ပေးဖို့ Nicolas Cage လျှောက်ထား

မြန်မာနိုင်ငံမှာ ဇာတ်အိမ်တည်ရိုက်ကူးမယ့် ဂျပန်ကိုယ်ခံပညာ သိုင်းရုပ်ရှင်မှာ Nicolas Cage ပါဝင်

Loading