Entertainment

“ပြင်တတ်၊ ဆင်တတ်လာလို့ မိန်းကလေးပီသလာပြီ”ဆိုတဲ့ သဇင်ထူးမြင့်

ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ အနုပညာလောကထဲမရောက်ခင်က မပြင်မဆင်နဲ့နေခဲ့ပေမယ့် အခုဆိုရင်တော့ ပြင်တတ်ဆင်တတ်နဲ့ မိန်းကလေးပီသလာပြီဖြစ်တယ်လို့ ပြောပါတယ်။

“အရင်ကဆို ကိုယ့်ဘာသာ ဖောင်ဒေးရှင်းလိမ်းပြီး မျက်ခုံးမွှေးဆွဲပြီး အပြင်ထွက်ရင်ထွက်တာ။ နောက်ပိုင်း ကျတော့ မိတ်ကပ်တွေ သေချာပြင်လာတယ်။ ဒီတော့ နည်းနည်းတော့ မိန်းကလေးပီသလာတယ်လို့ ခံစားရတယ်” လို့ သဇင်ထူးမြင့်က ပြောပါတယ်။

အခုအချိန်မှာတော့ အနုပညာ အလုပ်တွေ လုပ်လာရပြီဖြစ်တဲ့အတွက် အလှအပကိုအားစိုက်လာခဲ့တာဖြစ်ပြီး အိမ်က မိဘတွေနဲ့အစ်ကိုတွေကတော့ အလှတွေပြင်လာလို့ မစိုးရိမ်ကြပါဘူးလို့လည်း ဆိုပါတယ်။

“အရင်ကတော့ အရမ်းကလေးစိတ်ကြီးနဲ့ မပြင်တတ်မဆင်တတ်ဘူးဆိုတော့ အခုကျတော့အလုပ်လည်းလုပ်လာပြီဆိုတော့ ဒီဘက်ကိုအားစိုက်လာတဲ့သဘောပါ။ အိမ်ကလူတွေက မစိုးရိမ်ဘူး။ အရမ်းပေါ့ပြက်ပြက်မလှမပနေလွန်းလို့တောင် သူတို့က သေချာနေဆိုပြီးတော့တောင် ပြောနေတာဆိုတော့လေ” လို့ သဇင်ထူးမြင့်ကပြောပါတယ်။

ဆက်လက်ပြီး “ အခုဆိုရင်သွားတဲ့အခါမှာ လူသိတော့ အရင်ကလောက် လွတ်လွတ်လပ်လပ်တော့မရှိဘူး။ အရင်ကဆို မျက်နှာပြောင်နဲ့လည်း အပြင်သွားလိုက်တာပဲ။ အခုကျတော့ မျက်နှာပြောင်နဲ့ကျတော့ သိပ်အဆင်မပြေဘူး။ မိတ်ကပ် လိမ်းရမှာပျင်းတယ်။ အခုကနေ့တိုင်းလိမ်းဖြစ်တာများတယ်။ မလိမ်းဖြစ်ဘူးဆိုရင် Mask အုပ်ပြီးတော့ သွားဖြစ်တယ်။ အထာကြီးနဲ့အုပ်တာမဟုတ်ဘူး။ အိပ်ရာထခါစဆိုတော့ ပါးကနဂိုထက်ကိုဖောင်းတယ်။ အဲဒါကြောင့်အုပ်သွားတာ” လို့ ပြောပါတယ်။

အကယ်ဒမီရွှေကြိုမှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက်မှာတော့ ပရိသတ်ရဲ့ချစ်ခင်နှစ်သက်မှုကြောင့် အလုပ်တွေ ပိုလုပ်လာရတယ်လို့ သိရပါတယ်။

မကြာသေးမီကလည်း ဖခင်ဖြစ်သူအတွက် နောက်ဆုံးထွက်ရှိခဲ့တဲ့Apple တံဆိပ် iPhone 11 ကိုမောင်နှမများစုပြီး Surprise ပြုလုပ်ပေးခဲ့ကြပါတယ်။

“ဖုန်းက ဖေဖေကအရမ်းလိုချင်နေတဲ့အခါကျတော့Surprise လုပ်တာပေါ့။ နောက်ပြီးတော့ “ချိုးရုပ်”ကားကလည်း အရမ်းအောင်မြင်ထားတယ်။ သီတင်းကျွတ်လည်း မကန်တော့ထားဘူးဆိုတော့ အကုန်လုံးပေါင်းပြီးတော့ပေးဖြစ်တာပါ” လို့ သဇင်ထူးမြင့်ကပြောပါတယ်။

ဖုန်းဝယ်ကြတဲ့အခါမှာလည်း အများဆုံးငွေထည့်ပေးဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပြောပြပါတယ်။

“အများဆုံးထည့်ဖြစ်တယ်ဆိုတာကလည်း ကြော်ငြာတွေကပိုရိုက်ဖြစ်တော့ ဝင်ငွေကများနေတာနဲ့ပိုထည့်ဖြစ်တာ။ မေမေ့ကို အပ်ထားတာလေးတွေနဲ့ လုပ်ပေးဖြစ်တာ။ ဖေဖေက အရမ်းပျော်သွားတယ်” လို့ ပြောပါတယ်။

ဖခင်ဖြစ်သူကိုကန်တော့ပြီးတဲ့အခါမှာတော့ မိခင်အတွက်လည်း စီစဉ်ဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။

“မေမေ့အလှည့်ကတော့ စီစဉ်မှာပေါ့နော်။ မေမေကတော့ပြောထားတယ်။ စိန်လော့ကတ်ကြိုက်တာဆိုတော့ မေမေ့အတွက်ကို တခုခုတော့စီစဉ်မှာပါ” လို့သဇင်ထူးမြင့်ကပြောပါတယ်။

သဇင်ထူးမြင့်ကတော့ အခုအချိန်မှာ ကြော်ငြာများ ၊ ဓာတ်ပုံများကို ရိုက်ကူးလျက်ရှိပါတယ်။

You may also like these stories:

“အစ်ကို နှစ်ယောက်ကို ကြည့်ပြီး အချစ်ရေး မစဉ်းစားသေးဘူး”လို့ ပြောတဲ့ သဇင်ထူးမြင့် 

ဇနီးနဲ့ သားသမီးတွေ ပေါင်းပြီး iPhone 11 ကန်တော့လို့ ကြည်နူးရတယ်လို့ ခင်လှိုင် ပြော

ရွှေကြိုလုပ်ပြီး နောက်ပိုင်း အနုပညာအလုပ်တွေ ပိုလုပ်လာရတဲ့ သဇင်ထူးမြင့်

သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင်

Loading