မြန်မာနိုင်ငံရဲ့ Rock ဂီတရေစီးကြောင်းမှာ အောင်မြင်မှုရရှိနေသူ တယောက်ဖြစ်တဲ့ အဆိုတော်ရေမွန်ကတော့ မကြာခင် နယ်သာလန် မှာ ကျောင်းသွားတက်ဖို့ ရှိတယ်လို့ဆိုပါတယ်။
“လတ်တလောမှာတော့ ရှိုးတွေ ဆိုဖို့ရှိတယ်။ သီချင်းတွေ လည်းလုပ်နေပါတယ်။ Music Video လေးတွေ ရိုက်ဖို့ရှိတယ်။ ဘာမှတော့ သိပ်ထူးထူးခြားခြား မရှိပါဘူး။ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” ဆိုဖို့လည်းရှိပါတယ်။ ကျနော်နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ရှိတယ်။ နယ်သာလန်မှာ ဂီတနဲ့ ပတ်သက်ပြီးကျောင်းသွားတက်မလို့”
“ ကျနော်ငယ်ငယ်တုန်းက နိုင်ငံခြားမှာကျောင်းတက်နိုင်ဖို့ နေနေသာသာ အစိုးရကျောင်း တောင် အနိုင်နိုင်တက် နေရတာ။ ကျနော်က၁၀ တန်းတောင် မအောင်ဘူး။ စာလည်းမလုပ်ခဲ့ဘူး။ ဂီတကိုပဲလုပ်ရင် အချိန်ကုန်တယ်လို့ တွေးခဲ့တာ။ တကယ်တမ်းကျောင်းတက်မယ်ဆိုရင် ဘွဲ့လက်မှတ်တွေ၊ တခြား စာရွက်စာတမ်း တွေလိုမှာလေ။ ကျနော်တက်မယ့်ကျောင်း ကတော့ အဲဒါတွေ ဘာမှမလိုဘူး ဒီအတိုင်းသွားတက်မှာ”လို့ ရေမွန်က ပြောပါတယ်။
ဂီတအလုပ်တွေကိုလည်း နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် ကြိုးစားမယ်လို့ဆိုတဲ့ ရေမွန်က ဆိုပါတယ်။
“ကျနော့်မှာ ရည်မှန်းချက်တွေရှိတယ်၊ မိသားစုကိစ္စလေးတွေရှိတယ်။ ကျနော့် မိသားစုကို လှည့်မကြည့်ဖြစ်တာ အရမ်းကြာသွားလို့ အခု မိသားစုကို ပြန်လှည့်ကြည့်ရမယ်။ ကျောင်းသွားတက်ရမယ့် ကိစ္စလေးတွေလည်းရှိတော့ လောလောဆယ် ပိုက်ဆံကို တော်တော်ရှာနေရတယ်။ ၁နှစ်ပါပဲ။ ပရိသတ်နဲ့ အဆက်မပြတ်အောင်တော့ အွန်လိုင်းကနေ လုပ်လို့ရတာပေါ့”
“ကျောင်းသွားတက်ဖြစ်တာက အဓိက ကတော့ အဆက်အသွယ်တွေ လိုချင်တယ်။ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ဥစ္စာတခုခုလိုချင်တယ်။ အဲဒါဆိုရင်တော့ ကျနော် Plan ထားတာတွေ အများကြီးရှိတယ်။ ပြီးတော့ International အထိ ကျနော်တို့ လုပ်လို့ရတဲ့ Plan လေးတွေရှိတယ်။ ဒါကတော့ အလုပ်နဲ့ သက်သေပြတာပဲ ကောင်းပါတယ်။ အပြောကြီးနဲ့ဆိုရင် တော့ ငပေါကြီးဖြစ်နေလိမ့်မှာပါ ”လို့ ရေမွန်က ပြောပါတယ်။
ရေမွန်ကတော့ Idiots Band အဖွဲ့ခေါင်းဆောင် တဦးဆိုရင်လည်း မမှားပါဘူး။ သူဟာ Rock ဂီတ ဖျော်ဖြေပွဲများစွာ မှာလည်း Idiots Band နဲ့ အတူ တေးသီချင်းပေါင်းများစွာ သီဆိုခဲ့သူပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူတယောက်ဖြစ်ပါတယ်။