သရုပ်ဆောင်မော်ဒယ်တယောက်ဖြစ်တဲ့ ယမင်းမေဦးက အနုပညာအလုပ်ကို ချစ်ပေမယ့် အနုပညာအလုပ်က အသက်ကြီးတဲ့အထိလုပ်ဖို့အတွက် ဘဝအာမခံချက်မရှိဘူးထင်မိတယ် လို့ ပြောပါတယ်။
“အနုပညာကိုလည်းချစ်တယ်။ ဒါပေမယ့်အနုပညာကို အသက်ကြီးတဲ့အထိလုပ်သွားဖို့က သိပ်ပြီးတော့ ဘဝအာမခံချက် မရှိဘူးလို့ ယမင်းထင်တယ်။ စီးပွားရေးကိုလည်း စိတ်ဝင်စားတယ်။ ဒီအလုပ်မလုပ်ဖြစ်တော့ဘူးဆိုရင် စီးပွားရေးပဲ လုပ်ဖြစ်မယ်ထင်တယ်” လို့ ယမင်းမေဦးကပြောပါတယ်။
စီးပွားရေးအနေနဲ့ မိဘ၂ပါးက ကုန်သည်လုပ်တာကြောင့် ငယ်စဉ်ကတည်းက စိတ်ဝင်စားပြီး စီးပွားရေးနဲ့ အနုပညာ ကိုပေါင်းလုပ်လို့ရရင် လုပ်ချင်တယ်လို့ ပြောပါတယ်။
“စီးပွားရေးဆိုရင် အဖေရောအမေရောက ကုန်သည်လုပ်တယ်။ ငယ်ငယ်ကတည်းက စိတ်ဝင်စားတယ်။ ဈေးရောင်းရတာ ပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် စိတ်ဝင်စားတယ်။ ငယ်ငယ်တုန်းကတည်းက အတွေ့အကြုံရှိတယ်။ ဝါသနာလည်းပါတယ်။ လုပ်လည်းလုပ်ချင်တယ်။ စီးပွားရေးနဲ့ အနုပညာပေါင်းပြီး လုပ်လို့ရရင် လုပ်ချင်တယ်။ အခုတော့ အနုပညာအလုပ်ပဲ လုပ်ပါရစေ” လို့ ယမင်းမေဦးကပြောပါတယ်။
အနုပညာအလုပ်စလုပ်တဲ့အချိန်က နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ထိုင်းဘာသာပထမနှစ် တက်ရောက်နေတာဖြစ်ပြီး အနုပညာလုပ်နေတာကြောင့် ကျောင်းနားခဲ့တယ်လို့ သိရပါတယ်။
“ပညာရေးက UFL ထိုင်းမေဂျာတက်တာ First year ကို ၂လလောက်ပဲတက်ခဲ့တာ။ ဒီအလုပ်ကို စလုပ်တဲ့နှစ်နဲ့ အတူတူပဲ ဆိုတော့ ဒီအလုပ်ကိုပိုပြီးဦးစားပေးချင်တာနဲ့ ကျောင်းနားလိုက်တာ။ အခုထိမတက်ဖြစ်သေးဘူး။ ကျောင်းတော့ ပြန်မတက်ဖြစ်တော့ဘဲ အဝေးသင်ပဲပြောင်းဖြစ်မယ်” လို့ ယမင်းမေဦးကပြောပါတယ်။
“ယမင်းက Facebook မှာအရမ်း Active မဖြစ်ဘူး။ ငြိမ်တဲ့ထဲမှာပါတော့ ပုံတင်စရာရှိရင်တင်တယ်။ အလုပ်လုပ်စရာ ရှိရင်လုပ်တယ်။ အဲ့လောက်လေးပဲသွားနေပါတယ်။ ကိုယ့်ကိုချစ်တဲ့ပရိသတ်က သက်သက်ရှိနေတာဆိုတော့ ယမင်းကတော့ ကျေနပ်ပါတယ်” လို့ ယမင်းမေဦးက ဆိုပါတယ်။
ယမင်းမေဦးကတော့ ဓာတ်ပုံများ ၊ ကြော်ငြာများနဲ့ ပွဲများသာ တက်ရောက်ဖြစ်နေတယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသူတဦး ဖြစ်တဲ့ ယမင်းမေဦးကတော့ ဆိုရှယ်မီဒီယာမှာ ရေပန်းစားပြီး ပရိသတ်အားပေးမှု ရရှိထားသလို အနုပညာ လမ်းကြောင်းမှာလည်း ရပ်တည်နေတဲ့ သရုပ်ဆောင်၊ မော်ဒယ်တဦးလည်း ဖြစ်ပါတယ်။