“ဆေးပေါင်းခတဲ့ ရန်ကုန်ည”မှာ ပါဝင်ဖျော်ဖြေသွားမယ့် အဆိုတော် ဝေလက ဒီပွဲမှာ လေးစားအားကျရတဲ့ စီနီယာအစ်ကိုတွေနဲ့အတူ ပါဝင်သီဆိုခွင့်ရလို့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ တန်ဆောင်တိုင်ပွဲတော်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုလည်း အဆိုတော်ဝေလက အခုလိုဆိုပါတယ်။
“ ကျနော် ဆေးပေါင်းခတဲ့ ရန်ကုန်ည” ပွဲမှာ ဒီနှစ်မှ ပါဝင်ဖြစ်တာပါ။ အခုလို ကျနော်လေးစားအားကျရတဲ့ စီနီယာအစ်ကိုတွေ နဲ့ရော ညီငယ်တွေနဲ့ရော ဆိုရော ဝမ်းသာပါတယ်။ ပျော်စရာလည်းကောင်းပါတယ်။ ကျနော် သီချင်းဘယ်နှပုဒ် ဆိုဖြစ်မယ်ဆိုတာတော့ မသိသေးပါဘူး”
“ကျနော်တန်ဆောင်တိုင်ဆိုရင် ရန်ကုန်မှာ ဆိုဖြစ်တာများပါတယ်။ မနှစ်ကတော့ နယ်မှာဆိုဖြစ်တယ်။ ငယ်ဘဝ တုန်းကတော့ ဒီလိုနေ့တွေဆို သူငယ်ချင်းတွေ နဲ့ ဂီတာတွေတီး၊ ကြက်ကာလသားတွေ ချက်စားကြနဲ့ပေါ့။ အဲ့တုန်းက လည်း ရှိုးပွဲတွေ ကြည့်ဖြစ်ပါတယ်”လို့ ဝေလက ပြောပါတယ်။
အဆိုတော်ဝေလက သီချင်းရေးတဲ့အခါမှာ စိတ်ခံစားချက်ပေါ်မှာပဲမူတည်ပြီး ရေးဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီချင်းတွေကို ပရိသတ်တွေကလည်း သီချင်းတွေကို ကြိုက်နှစ်သက်တာသိရလို့ ဝမ်းသာကြောင်းလည်း ပြောပါတယ်။
“ကျနော်သီချင်းတွေလည်း ရုပ်ရှင်တွေမှာလည်း သုံးပါတယ်။ ရုပ်ရှင် အတွက်ဆိုပြီးတော့ တည်ပြီး မရေးဘူးသေးဘူး။ ကျနော် မရေးဖြစ်သေးဘူး။ ဇာတ်လမ်းတွဲအတွက် သီချင်းရေးဖို့ကျတော့လည်း အချိန်အရမ်းပေးရမှာ ကျနော်မှာက ရေးလက်စသီချင်းတွေလည်း ရှိနေတော့ မရေးဖြစ်သေးဘူး”
“ သီချင်းရေးရင် ဒီအတိုင်းပဲ ရေးလိုက်တာပါပဲ။ နောက်ပိုင်း မှာလည်း ဘယ်လိုပုံစံမျိုး ရေးဖြစ်သွားမယ်ဆိုတာကိုတော့ သေချာမသိသေးပါဘူး။ ကျနော်က ကျနော်ရဲ့ စိတ်ခံစားချက်ပေါ် မူတည်ပြီးပဲ ရေးတာများပါတယ်။ ရေးလိုက်တဲ့ သီချင်းတွေနဲ့ ပရိသတ်နဲ့ အစပ်အဟပ်တည့်သွားတဲ့ သဘောပါပဲ”
“ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတာကို ကျနော်သိရတဲ့အတွက် အတိုင်းမသိ ကိုပဲ ဝမ်းသာမိပါတယ်။ လက်တလောတော့ “စာရိတ္တ” အခွေလေးလည်း ထွက်ထားတာ မကြာသေးတော့ နယ်ခရီး ထွက်ပြီးပဲ သီချင်းတွေ ဆိုဖို့ရှိပါတယ်”လို့ ဝေလက ပြောပါတယ်။
ဝေလရဲ့ သီချင်းတော်တော်များများကို ပရိသတ်တွေကနှစ်သက်ကြသလို သူ့ရဲ့သီချင်းစာသားတွေကိုလည်း နှစ်သက်ကြပါတယ်။ အဆိုတော် ဝေလကတော့ “၁၉၈၂”၊ “မိတ်ကပ် မကြိုက်သော သီချင်းများ”၊ “အဓိပတိဖွား”၊ “ကုတင်အမှတ် ၁၈”၊ “အတုများတဲ့မြို့” ၊ “စာရိတ္တ” စတဲ့ တကိုယ်တော်အခွေ များထွက်ရှိထားပါတယ်။