အဆိုတော် Taylor Swift ဟာ မကြာမီကျင်းပမယ့် အမေရိကန်ဂီတဆုပေးပွဲ (AMAs – American Music Awards) မှာ ဆယ်စုနှစ်တာ အတွက် အကောင်းဆုံး အနုပညာရှင်ဆုကို လက်ခံရယူမယ်လို့ သိရပါတယ်။
အဲ့ဒီကြေညာချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ Dick Clark Productions က ကြေညာခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် အဆိုတော် Swift ဟာ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် အဲ့ဒီဆုပေးပွဲမှာ ဂုဏ်ပြုဆုကို လက်ခံရယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော် Swift ဟာ သူ့ရဲ့ ဆယ်စုနှစ်တစုကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အနုပညာသက်တမ်း တလျှောက်လုံးမှာ နာမည်ကျော်ကြားခဲ့တဲ့ သီချင်းတချို့ကိုလည်း သီဆိုဖျော်ဖြေမယ်လို့လည်း ဆိုပါတယ်။ Dick Clark Productions ရဲ့ အစီအစဉ်ရေးရာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Mark Bracco က “ဒီဆယ်စုနှစ်အတွင်းမှာ Taylor ရဲ့ ဂီတအပေါ် ရိုက်ခတ်မှုဟာ ငြင်းလို့မရဘဲ အမေရိကန် ဂီတဆုပေးပွဲမှာ သူ့ရဲ့ ဖျော်ဖြေတင်ဆက်မှုဟာ တကယ့်ကိုပဲ ထူးခြားပြောင်မြောက်ခဲ့ပါတယ်။
ဆယ်စုနှစ်အတွက် ကျနော်တို့ရဲ့ အနုပညာရှင်အနေနဲ့ ဂုဏ်ယူရမှာ ကျနော်တို့အထူးဝမ်းမြောက်မိပါတယ်။ တခြားအရာတွေနဲ့ မတူတဲ့ ထူးခြားလွန်းတဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့ လူတိုင်းကို ဘယ်လိုရင်ခုန် စိတ်လှုပ်ရှားစေမယ်ဆိုတာကို ကြည့်ချင်နေပါပြီ” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
အဲ့ဒီဆုပေးပွဲမှာတော့ အဆိုတော် Swift ဟာ ဆုအများဆုံးရရှိထားတဲ့ ပေါ့ပ်ဂီတဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ သူဟာ AMAs ဆုပေါင်း ၂၃ ခုကို ရရှိထားပြီး တနှစ်တာအတွက် အကောင်းဆုံး အနုပညာရှင် အပါအဝင် ဒီနှစ်အတွက် ဆုအမျိုးအစား ၅ ခုမှာလည်း ဆန်ခါတင်စာရင်း ဝင်ထားပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ ဆုပေါင်း ၂၄ ဆုကို ပိုင်ဆိုင်ထားပြီး AMAs သမိုင်းမှာ ဆုအများဆုံး ရရှိထားတဲ့အနုပညာရှင်လည်း ဖြစ်ပါတယ်။
လက်တွေ့လူမှုဘဝမှာတွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေကို သီချင်းစာသားတွေထဲ ထည့်သွင်း သီဆိုတတ်တဲ့ အဆိုတော် Swift ဟာ ကန်းထရီးဂီတနဲ့ အသက် ၁၄ နှစ်အရွယ်ကစလို့ ဂီတလောကထဲ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးပွဲဦးထွက် အယ်လ်ဘမ်ဟာဆိုရင် ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့ ဂီတဇယား ထိပ်ဆုံးမှာ အကြာဆုံးရပ်တည်နိုင်ခဲ့တဲ့အထိ တာထွက်ကောင်းခဲ့ပါတယ်။
ကမ္ဘာကျော်သီချင်းတွေ ဖြစ်တဲ့ “Love Story” နဲ့ “You Belong With Me” တို့လို သီချင်းတွေ ပါဝင်ခဲ့တဲ့ “Fearless” အယ်လ်ဘမ်ဟာ ဂရမ်မီဆု ၄ ဆု ရရှိခဲ့ပြီး တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံး အဆိုတော် ဖြစ်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွက် အမေရိကန်ဂီတဆုပေးပွဲကို Microsoft Theatre မှာ ကျင်းပမှာဖြစ်ပြီး ABC ရုပ်သံလိုင်းကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
Ref: ptinews