အစီအစဉ် တင်ဆက်သူ တယောက်အနေနဲ့ ပရိသတ်များသိရှိခဲ့ကြတဲ့ ကျော်ထက်အောင်ကတော့ သရုပ်ဆောင် တယောက်အနေနဲ့လည်း မြင်တွေ့ကြရပြီး သူ့အနေနဲ့ကတော့ ဘယ်ခေါင်းစဉ်အောက်မှာမှာ မနေတာ ကောင်းပါတယ်လို့ ပြောပါတယ်။
“ဘယ်ခေါင်းစဉ်အောက်မှာမှ မနေတာ ကောင်းပါတယ်။ အောင်မြင်မှုဆိုတာလည်း အချိန်အတိုင်းအတာတခုပါပဲ။ ကျနော်တို့က သရုပ်ဆောင်ဆိုတာကို သွားနေတာပါ။ တာဝန်တခုကို သွားနေတဲ့အခါကျတော့ ဒီနေရာကြီးရမှဆိုတာထက် ဒီနေရာ တခုကိုရလို့ တာဝန်တခုအနေနဲ့ ကိုယ့်အတွက် အကျိုး မယုတ်ဘူး။ အများပြည်သူအတွက် တခုခုပေးနိုင်တဲ့ ကာရိုက်တာ ဆိုရင် လက်ခံဖြစ်တာ များပါတယ်”လို့ ကျော်ထက်အောင်က ပြောပါတယ်။
မကြာခင်မှာလည်း ဒါရိုက်တာ ဏကြီး ရိုက်မယ့် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင် တယောက် အနေနဲ့ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကိုဏကြီးကားမှာ ပါဝင်ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျနော်က ဧည့်သည်သရုပ်ဆောင် အနေနဲ့ ပါရမှာပါ။ ဒါပထမဦးဆုံး ရိုက်မှာပေါ့။ ၃ လပိုင်းရိုက်မယ့် “ချစ်ခင်စမှော်ရုံ”က သပ်သပ် တကားပေါ့။ အခုရိုက်မယ့် ကားလေးက အရင်စောသွားတာပေါ့” လို့ ကျော်ထက်အောင်က ပြောပါတယ်။
အဆိုပါ ဒုတိယမြောက် ရုပ်ရှင်ကားမှာတော့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့နဲ့ အတူ သရုပ်ဆောင်ရမှာဖြစ်ပြီး ဒါရိုက်တာဏကြီးရဲ့ တတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” မှာလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ပထမဆုံးအနေနဲ့ ကိုဏကြီးက သူ့ရဲ့ဇာတ်ကားထဲမှာ ဇာတ်ကောင်တခုအဖြစ် မြင်ပေးထားတဲ့ဂုဏ်၊ ပြီးတော့ သူရိုက်မယ့်ကားထဲမှာ ပါဝင်ခွင့်ပေးတဲ့ပီတိက တန်ဖိုးဖြတ်လို့ မရပါဘူး။ အဲဒါကြောင့် ကျေးဇူးတင်ချင်ပါတယ်။ နောက်တခု ကာရိုက်တာကို ချပေးကတည်းက ကျနော်နဲ့ လိုက်ဖက်ညီမှုရှိတဲ့ ကာရိုက်တာ အသေးစိတ်ကို ဂရုစိုက်တတ်တဲ့ ဒါရိုက်တာဖြစ်တဲ့အတွက် အလုပ်လုပ်ရမှာ အရမ်းပျော်ပါတယ်” လို့ ကျော်ထက်အောင်ကပြောပါတယ်။
ဒီထဲမှာပါဝင်မယ့် သရုပ်ဆောင် အောင်မြင့်မြတ်ကလည်း ကျော်ထက်အောင်နဲ့အတူ ယခင်က အလုပ်တွဲလုပ်ခဲ့ရဖူးတဲ့ သူငယ်ချင်းတယောက်ဖြစ်ပြီး မင်းသမီးများအနေနဲ့လည်း ဆရာကျတာဖြစ်တဲ့အတွက် သူကတော့ အများကြီး ကြိုးစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“အောင်မြင့်မြတ်ဆိုရင် ကျနော်တို့ 5 Movie မှာ အလုပ်တူတူ တွဲလုပ်လာဖူးတဲ့ သူငယ်ချင်းတွေ၊ သုသုဆိုရင်လည်း ကျနော်နဲ့ကားတွေ ရိုက်ဖူးတယ်။ မအူဝဲနဲ့လည်း ၁ ကားပဲ ရိုက်ဖူးတယ်ဆိုပေမယ့် အလုပ်အတူတူတွဲလုပ်ဖူးပြီးသား။ ဒါပေမယ့် လူငယ်စကားနဲ့ပြောရရင် ဂျွတ်တွေချည်းပဲ။ အများကြီး ကြိုးစားရမှာပါ” လို့ ကျော်ထက်အောင်ကပြောပါတယ်။
ကျော်ထက်အောင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ Host လုပ်ရမှတဆင့် အောင်မြင်ကျော်ကြားသူ တယောက်ဖြစ်လာပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းရာမှာလည်း ပရိသတ်လက်ခံ အားပေးခြင်း ခံရတဲ့ သူတယောက်ပဲ ဖြစ်ပါတယ်။