သရုပ်ဆောင် ရွှေသမီးက “သခင်ကြီးနဲ့ ငါးပိ တို့စရာ”ဇာတ်ကားမှာ စကားမပြောနိုင်တဲ့ ကောင်မလေး တယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“သခင်ကြီးနဲ့ ငါးပိတို့စရာ ဇာတ်ကားထဲမှာ ညီအစ်မ နှစ်ယောက် ဇာတ်လေးကို အဓိက ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာပါ။ ဇာတ်ကားနာမည်က သခင်ကြီးနဲ့ ငါးပိတို့စရာ ဆိုတဲ့အတိုင်း ဆန်းတယ်။ ပရိသတ်တော်တော်များများ ဘယ်လိုကြောင့် ဒီနာမည်ပေးဖြစ်လဲဆိုတာကို အရမ်းသိချင်ကြတယ်”
“ဒီဇာတ်ကားနာမည်က ဇာတ်ကားလာကြည့်မှပဲ သေချာပိုပြီး သိသွားမယ်။ ပိုပြီး သဘောပေါက်သွားမယ်လို့ ထင်တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်တိုင် စိတ်လှုပ်ရှားနေပါတယ်။ ကာရိုက်တာအတွက် ပြင်ဆင်မှုကတော့ ရှိပါတယ်။ ပြင်ဆင်မှု မရှိဘဲနဲ့တော့ လုပ်လို့မရဘူး။ ကိုယ်ကိုယ်တိုင် ပြင်ဆင်ရတယ်။ အဓိကကစိတ်ပေါ့။ စိတ်ပြင်ဆင်ရတယ်” လို့ ရွှေသမီးက ပြောပါတယ်။
ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့အပိုင်းနဲ့ ပတ်သက်လို့လည်း ရွှေသမီးက အခုလိုပဲ ဆိုပါတယ်။
“ဒီဇာတ်ကားထဲမှာဆိုရင် စကားမပြောတတ်တဲ့ ကောင်မလေးကိုမှ မြို့ပေါ်မှာနေပြီး လက်ဟန်ခြေဟန်နဲ့ ပြောတာကို မသင်ရတဲ့ ကောင်မလေးဖြစ်တဲ့အပြင် နယ်မြို့လေးမှာ ကျောင်းတွေ မရှိဘူး။ ညီအစ်မနှစ်ယောက်ကြားမှာရှိတဲ့ သံယောဇဉ်နဲ့ ဆက်သွယ်ပြီး စကားပြောရတာ။ ကိုယ်လုပ်တတ်သလို လက်ဟန်ခြေဟန်နဲ့ လုပ်ပြီးပြောရတဲ့ ကာရိုက်တာမျိုးပေါ့။ ကိုယ်တိုင် ကျောင်းကိုသွားပြီးတော့ လေ့လာခဲ့ပါတယ်”လို့ ရွှေသမီးကပြောပါတယ်။
သက်မွန်မြင့်နဲ့ တွဲဖက်ရိုက်ကူးရတဲ့အပေါ် အတုယူစရာ အများကြီးရသလို သက်မွန်မြင့်ကိုလည်း အကောင်းဆုံးတော့ ထောက်ပံ့ပေးထားတယ်လို့ ရွှေသမီးကဆိုပါတယ်။
“အခက်အခဲကတော့ ရှိတယ်။ အခန်းတိုင်းလိုလိုက စိန်ခေါ်မှုလည်းဖြစ်တယ်။ အရမ်းကို ကိုယ့်အစ်မကိုပြောပြချင်တယ်။ ကိုယ်ဘာဖြစ်နေတယ်ဆိုတာကို ပြောပြချင်တဲ့အခန်းတွေ ရှိတယ်။ ဒါပေမဲ့ ပြောပြလို့ မရဘူး။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုအချိန်ကျ အားမရဘူး။ ဒါပေမဲ့ ကိုယ်က စကားမပြောတတ်တဲ့အတွက် မျိုသိပ်ရတဲ့ ပုံစံမျိုးဆိုတော့လေ”
“မသက်မွန်နဲ့လည်း မျက်လုံးအိုက်တင်၊ လက်လှုပ်ရှားမှုတွေနဲ့ပဲ အိုက်တင် လုပ်ခဲ့တယ်။ တချို့အခန်းတွေ ရိုက်ပြီးသွားပြီဆိုရင် နှစ်ယောက်သား စကားမပြောနိုင်ဘူး။ အဲလို အခန်းတွေလည်း ရှိတယ်။ မသက်မွန်ကိုယ်တိုင်ကလည်း ပျော်ပျော်နေတတ်တဲ့အတွက် ရှုတင်ပေါ်မှာ ပျော်စရာအခန်းတွေဆိုလည်း တကယ်ပျော်ခဲ့ရတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဝါရင့်သရုပ်ဆောင် တယောက်ပီပီ စိတ်ထည့်ပြီးအရမ်း ကြိုးစားတယ်။ ကိုယ်တွေလည်း အတုယူစရာ အများကြီးရတယ်။ အစ်မကို အကောင်းဆုံးတော့ ထောက်ပံ့ပေးထားပါတယ်။ ညီအစ်မနှစ်ယောက်အကြောင်း ဇာတ်အိမ်ဖွဲ့ထားတဲ့အတွက် ညီအစ်မနှစ်ယောက်မေတ္တာ၊ ညီအစ်မ နှစ်ယောက်အကြောင်းလေး ရသမြောက်အောင်လို့တော့ ဒါရိုက်တာ ဦးစတီးလ်က ကြိုးစားပြီး ရိုက်ကူးထားပါတယ်”လို့ ရွှေသမီးကပြောပါတယ်။
ရွှေသမီး ပါဝင်ထားတဲ့ “သခင်ကြီးနဲ့ ငါးပိတို့စရာ” ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ သက်မွန်မြင့်၊ ထွန်းကိုကို၊ ရွှေသမီးနဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“တော်တော်ဖြစ်နေလား” အကြောင်း ပြောပြတဲ့ ရွှေသမီး
“ခန္ဓာကိုယ် ဝနေပေမယ့် ကြိုက်တယ်” လို့ဆိုတဲ့ ရွှေသမီး