၂၀၁၉၊ ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ “Fortuna’s Eye” ဆိုတဲ့ စိတ်ကူးယဉ်အချစ် ဂျပန်ဇာတ်လမ်းဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Fortuna no Hitomi” ဝတ္ထုကို အခြေခံရိုက်ကူးထားတာပါ။
ထူးထူးခြားခြား စိတ်စွမ်းအင် ပိုင်ဆိုင်ထားတဲ့ ရှင်းအိချီရိုအဖြစ် မင်းသား Ryunosuke Kamiki နဲ့ မင်းသမီး Kasumi Arimura တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။
ရှင်းအိချီရို ကီယာမ ဆိုတဲ့ ကောင်လေးဟာ ကလေးဘဝတုန်းက မိသားစုအကုန် လေယာဉ်ပျက်ကျတဲ့ထဲပါ သွားခဲ့ပေမယ့် သူတယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ အဲဒီ့နောက်မှာတော့ သူ့ဘဝတလျှောက်လုံး တကောင်ကြွက်ဘဝနဲ့ ဖြတ်သန်းနေရသလို သေခါနီးလူတွေကို ဖောက်ထွင်းကြိုမြင်နိုင်တဲ့ ထူးခြားတဲ့အမြင် အာရုံကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
ဒီလိုထူးခြားတဲ့အမြင်အာရုံကြောင့် တခြားသူတွေနဲ့ အပေါင်းအသင်းမလုပ်ဖြစ်တော့ဘဲ သူအလုပ်လုပ်တဲ့ ကားပေါလစ် လုပ်ငန်းပိုင်ရှင်သူဌေးမိသားစုနဲ့ပဲ ရင်းနှီးခဲ့ပါတယ်။ ဖုန်းဆိုင်သွားရင်းဆုံခဲ့တဲ့ ဆိုင်ဝန်ထမ်းမိန်းကလေး အအိုအိ ခိရုကို ခင်မင်မိပေမယ့် နောက်တကြိမ်ပြန်တဲ့အခါ ဖောက်ထွက်မြင်လိုက်ရလို့ သေမယ့်ဘေးကနေ ကယ်တင်လိုက်နိုင်ပါတယ်။
တခြားသူတွေက သူ့အမြင်ကို မယုံကြည်ကြပေမယ့် အအိုအိ ကတော့ လက်ခံပြီး ရှင်းအိချီရို ကယ်တင်လိုက် လို့ သူအသက်မသေခဲ့တာကို ယုံကြည်ပေးပါတယ်။ တယောက်နဲ့ တယောက် သံယောဇဉ်တွယ်လာချိန်မှာ တဖက်မှာလည်း ရိုးသားကြိုးစားတဲ့သူ့ကို ကားပေါလစ်ပိုင်ရှင်သူဌေးက နောက်ထပ်ဖွင့်မယ့် ဆိုင်အသစ်မှာ မန်နေဂျာရာထူး တိုးပေး ခဲ့ပြန်ပါတယ်။
ရှင်းအိချီရိုဟာ သူသေမယ်လို့ မြင်နေတဲ့သူတွေကို ကယ်တင်လိုက်ရင် အသက်ဘေးကလွတ်မြောက်သွားမယ် ဆိုတာ သိလာပြီးနောက်မှာ ကယ်တင်ပေးနေခဲ့တာကြောင့် နှလုံးထိခိုက်ပြီး ဆေးရုံရောက်သွားပါတော့တယ်။ ဆေးရုံမှာ မထင်မှတ်ဘဲ သူ့လိုအမြင်ရနေတဲ့ ဆရာဝန်နဲ့တွေ့ဆုံချိန်မှာ ထူးခြာတဲ့အမြင်နဲ့ပတ်သက်တဲ့ ဆိုးကျိုး တွေကို သိခဲ့ရပါတယ်။
သူလူတယောက်ကို ကယ်တင်ပေးလိုက်တာနဲ့ တဖက်ကလည်း နှလုံးမှာ ဆိုးကျိုးသက်ရောက်စေတာကြောင့် ဆရာဝန်က သူ့ကိုဆက်မလုပ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် တနေ့မှာတော့ သူ့ချစ်သူ အအိုအိ မှာ ထပ်ပြီး သေမယ့်ရှေ့ပြေး နိမိတ်တွေမြင်လာတဲ့အခါ ကယ်တင်နိုင်ဖို့ ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကတော့ စာဖတ်သူ တွေ ဆက်ကြည့်ဖို့ ချန်ထားလိုက်ပါ့မယ်။
ဇာတ်လမ်းအဆုံးသတ်မှာလည်း မထင်မှတ်တဲ့ လှည့်ကွက်လေးတွေပါ ကျန်နေသေးတာမို့ အဆုံးထိ စိတ်လှုပ်ရှားအောင် ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားတကားပါ။