“Dancing With The Star” အကပြိုင်ပွဲမှာ ပါဝင်ကပြခဲ့တဲ့ အလှမယ်ဟန်တီက ဒီလိုပါဝင်ကပြခဲ့တာဟာ အနိုင်ရတဲ့သူက ပရဟိတအလှူတွေ လှူဒါန်းနိုင်မှာ ဖြစ်သလို ငယ်ငယ်ကတည်းက စင်ပေါ်တက်ရတာ ကြိုက်တဲ့အတွက် ပါဝင်ဖြစ်တာလို့ ဆိုပါတယ်။
“Dancing With The Star က အကကျွမ်းတဲ့ သူတွေနဲ့ Star တွေနဲ့ တွဲပြီး ကရတဲ့ ပြိုင်ပွဲပေါ့။ ပြိုင်ပွဲဆိုပေမယ့် အနိုင်ရတဲ့ သူကပရဟိတသွားလှူရမယ့် ပြိုင်ပွဲတခုပေါ့နော်။ အရမ်းကို အကျိုးရှိတဲ့ပြိုင်ပွဲပါ။ ဟန်တီကိုယ်တိုင်လည်း ကြိုက် တယ်။ ကိုယ်လည်း ကူညီလို့ရမယ့်နေရာတွေ အများကြီးကူညီခွင့်ရမှာဆိုတော့ ကူညီနိုင်မယ်လို့လည်း မျှော်လင့်တယ်။ အဲ့အတွက် ဟန်တီဒီပြိုင်ပွဲမှာ ပါဝင်ဖြစ်တယ်”
“ ဟန်တီက ငယ်ငယ်ကတည်းက စင်ပေါ်ပြေးတက်တဲ့ထဲမှာ ပါတယ်။ ဟန်တီစင်ကြိုက်တယ်။ မီးတွေ ထိုးထားရင်ကြိုက်တယ်။ ကင်မရာတွေချိန်ထားရင်ကြိုက်တယ်။ အက ကရတာကြိုက် တယ်။ အရင်ကလည်း ကဖြစ်တယ်။ ဒီပြိုင်ပွဲမှာကဖို့အတွက် လည်း သင်ယူခဲ့ရတာတွေ ရှိပါတယ်”
“ကိုယ်နဲ့ကတဲ့သူနဲ့လည်း ညှိကို ညှိခဲ့ရတယ်။ သူတယောက်တည်းလည်း လုပ်လို့မရသလို ဟန်တီတယောက်တည်းလည်း လုပ်လို့မရဘူး။ အဲ့အတွက် သူလုပ်နိုင်တာအပြင်၊ ကိုယ်လည်း ကိုယ်လုပ်နိုင်တာ လိုက်လုပ်ရတယ်။ မလုပ်နိုင်ရင်လည်း ညှိပြီး လျော့တင်းလေးနဲ့ လုပ်ရတာတွေ ရှိတယ် ”လို့ ဟန်တီက ပြောပါတယ်။
အချိန်ရတာနဲ့ အကတွေကျင့်တယ်လို့ဆိုတဲ့ ဟန်တီက အက ကတာက ခန္ဓာကိုယ်ကို ထိန်းသလိုဖြစ်တယ်လို့ဆိုပါတယ်။
“အခုဆိုရင် အားလပ်ချိန်မရှိသလောက်ကို ဖြစ်နေတယ်။ အချိန်နည်းနည်းအားပြီဆိုတာနဲ့ အကတွေ ကျင့်တယ်။ လေ့လာတယ်။ ဘယ်လိုကောင်းအောင် လုပ်မလဲဆိုပြီးလည်း ကိုယ်နဲ့ကတဲ့ သူနဲ့ တိုင်ပင်ဖြစ်တယ်။ အက ကတာနဲ့ Gym တောင်ဆော့စရာမလိုဘူး။ ကရင်းကရင်း ဝိတ်တောင် ထိန်းစရာမလိုပဲ ကျသွားတယ်”
“ စားချိန်ဆိုလည်း အချိန်နဲ့ စားဖြစ်နေတော့ ပုံစံခွက်ထဲဝင်နေသလိုဖြစ်နေတော့ ခန္ဓာကိုယ်အတွက် ထိန်းပြီးသား ဖြစ်နေတယ်။ အကကလည်း ခန္ဓာကိုယ်ကို ထိန်းပေးနိုင်ပါလားဆိုတာပိုသိလာတယ်”လို့ ဟန်တီက ပြောပါတယ်။
“Dancing With The Star” အစီအစဉ်ဟာ နာမည်ကြီး အနုပညာရှင်တွေနဲ့ အကပညာရှင်တွေ ပေါင်းပြီး အတူကပြယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး MRTV- 4 ကနေ ပြသနေတာ ဖြစ်ပါတယ်။