မင်းသားကြီး အာနိုးရဲ့ “Terminator: Dark Fate” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း ရုံဝင်ငွေမှာ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပေမယ့် မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၂၉ သန်းသာ ရခဲ့တာ ကြောင့် Paramount နဲ့ Skydance Media တို့မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘူးလို့ သိရပါတယ်။
ဆဋ္ဌမမြောက် “Terminator” ရုပ်ရှင်ရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၈၅ သန်း ရှိခဲ့တာကြောင့် ရုံဝင်ငွေ ရလဒ် တော်တော်လေး ကောင်းမွန်ဖို့ မျှော်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။ ပထမဆုံး ရုံတင်ခဲ့တဲ့ ၃ ရက်တာ ကာလအတွင်းမှာ ဒေါ်လာ သန်း ၄၀ ကျော် ဝင်ငွေရမယ်လို့ မျှော်မှန်းထားခဲ့ကြတာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်နဲ့ ပတ်သက်လို့ သုံးသပ်ချက်တွေ ကောင်းမွန်ခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုကလည်း အပေါင်းလက္ခဏာ ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ “Terminator: Dark Fate” ရုပ်ရှင်ဟာ ဒေါ်လာ ၇၂ ဒဿမ ၉ သန်းရရှိခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီရုပ်ရှင်ကို Tencent Pictures ကနေ ဖြန့်ချိရေးကိစ္စတွေ ကိုင်တွယ်ထားတဲ့ တရုတ်နိုင်ငံကလွဲလို့ တခြားနယ်မြေတွေ အားလုံးမှာ Disney က ဖြန့်ချိပြသခဲ့တာ ဖြစ်ပါတယ်။
“Dark Fate” ရုပ်ရှင်ဟာ ၁၉၉၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Terminator 2: Judgement Day” ရုပ်ရှင်နောက်ပိုင်း မင်းသားကြီး အာနိုးရှာဝါ ဇနက်ဂါ၊ မင်းသမီး လင်ဒါ ဟာမင်တန်တို့နဲ့အတူ ဒါရိုက်တာ James Cameron တို့ ပထမဆုံးအကြိမ် ပြန်ဆုံကြတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
သူတု့ိနဲ့အတူ Mackenzie Davis, Natalia Reyes နဲ့ Gabriel Luna တို့လည်း ပါဝင်ကြပါတယ်။ အခုရုပ်ရှင်မှာတော့ Sarah Connor ဆိုတဲ့ အမျိုးသမီးဟာ အနာဂတ် ကာလတခုမှာ Terminator အသစ်တကောင်ရဲ့ လက်ထဲကနေ အမျိုးသမီးငယ် တဦးကို ကယ်တင်ရမှာပဲဖြစ်ပါတယ်။
မင်းသားကြီး Edward Norton ရဲ့ “Motherless Brooklyn” ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ ၂၆ သန်းနဲ့ ဒုတိယ နေရာကနေ လိုက်နေတာကို တွေ့ရပါတယ်။ လူသတ်သမား တယောက်ကို ရှာဖွေရမယ့် Tourette ရောဂါရှိသူ စုံစမ်းရေးမှူးအဖြစ် မင်းသားကြီး Norton က သရုပ်ဆောင်ထားပါတယ်။
မင်းသားကြီး Norton နဲ့အတူ မင်းသား Bruce Willis လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Focus Features ရဲ့ “Harriet” ရုပ်ရှင်ကတော့ မှန်းထားတဲ့အတိုင်း ဒေါ်လာ ၁၂ သန်း ဝင်ငွေရခဲ့ပါတယ်။ Cinemascore မီဒီယာရဲ့အဆိုအရ အဲ့ဒီသမိုင်းနောက်ခံ ဒရာမာရုပ်ရှင်ဟာ ပရိသတ်တွေရဲ့ အကောင်းမြင်မှတ်ချက်ပေးတာ ခံရတယ်လို့ သိရပါတယ်။
အနောက်တိုင်းမှာ အခုကာလဟာ ဟောလိုးဝင်း ပွဲတော်ကာလ ဖြစ်တာကြောင့် “Joker” ရုပ်ရှင်ဟာလည်း လူဝင်နှုန်းမြင့်ခဲ့ပြီး ဒေါ်လာ ၁၃ ဒဿမ ၆ သန်းရရှိခဲ့ပါတယ်။ မင်းသား Joaquin Phoenix ပါဝင်ထားတဲ့ အဲ့ဒီ စူပါဗီလိန်ရုပ်ရှင်ဟာ အခုအချိန်အထိဆိုရင် ဝင်ငွေ ဒေါ်လာ ၉၃၄ သန်းရရှိထားပြီး ဖြစ်ပါတယ်။ ဝင်ငွေအကောင်းဆုံး ထိပ်တန်းရုပ်ရှင် ၅ ကား စာရင်းထဲမှာ “Maleficent: Mistress of Evil” နဲ့ “Addams Family” တို့ ပါဝင်ပါတယ်။
Ref: reuters