အဆိုတော် လေဒီဂါဂါဟာ ကမ္ဘာကျော် Gucci ဖက်ရှင်မိသားစုရဲ့ အကြောင်းကို အခြေခံမယ့် ရုပ်ရှင် တကားမှာ ပါဝင်မယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် အဆိုတော် လေဒီဂါဂါဟာ ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီ ထူထောင်သူ Guccio Gucci ရဲ့ မြေး Maurizio Gucci အသတ်ခံရမှုအကြောင်းနဲ့ Gucci မိသားစုအကြောင်း ရိုက်ကူးမယ့် နာမည်မပေးရသေးတဲ့ အဲ့ဒီရုပ်ရှင်မှာ ဒါရိုက်တာ Sir Ridley Scott နဲ့အတူ ပူးပေါင်း ပါဝင်လာမှာ ဖြစ်ပါတယ်။
Deadline မီဒီယာရဲ့အဆိုအရ ဂါဂါဟာ ၁၉၉၅ ခုနှစ်တုန်းက ရုံးခန်းလှေကားမှာ အသတ်ခံခဲ့ရတဲ့ Maurizio ရဲ့ ဇနီးဟောင်း Patrizia Reggiani အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ခင်ပွန်းဟောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တဲ့ Patrizia ဟာ ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဇာတ်ညွှန်းရေးသားတဲ့သူက Roberto Bentivegna ဖြစ်ပြီး “The House of Gucci: A Sensational Story of Murder, Madness, Glamour, and Greed” ဆိုတဲ့ စာအုပ်ကို အခြေခံထားတာ ဖြစ်ပါတယ်။
ဒါရိုက်တာ Ridley Scott ကတော့ သူလက်ရှိ ရိုက်ကူးနေတဲ့ “The Last Due” ရုပ်ရှင်ရိုက်ကူးပြီးရင် အခုဇာတ်လမ်းကို ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူ Giannina Facio နဲ့ Scott Free Productions တို့ကလည်း ပူးတွဲ ထုတ်လုပ်ကြမှာဖြစ်ပါတယ်။
ဇနီး Giannina က Gucci ကုမ္ပဏီကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲလိုက်စဉ်အခါက စီးပွားရေးနဲ့ လောဘတွေကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့တဲ့ မိသားစု စီးပွားရေး စီးပွားရေး လုပ်ငန်းတခုအကြောင်းကို ပုံဖော်ချင်နေတာဖြစ်တယ်လို့ Deadline မီဒီယာက ဆိုပါတယ်။ Maurizio အသတ်ခံရပြီးတဲ့နောက် Patrizia နဲ့ရတဲ့ သမီးနှစ်ဦး ရှိခဲ့ပါတယ်။
Patrizia ဟာ ဦးနှောက်အကျိတ်ကို ဖယ်ရှားခဲ့ရပြီး ဖခင်ကိုသတ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ဆေးဖိုးဝါးခ ပေးခဲ့ခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် Patrizia ကို Black Widow လို့ နာမည်ပေးရတဲ့အထိ လက်တုံ့ပြန် ကလဲ့စားချေတဲ့နေရာမှာ လက်စောင်းထက်ခဲ့ပါတယ်။
အဆိုတော် ဂါဂါအတွက်တော့ မင်းသား Bradley Cooper နဲ့ ရိုက်ခဲ့တဲ့ “A Star Is Born” ရုပ်ရှင်နောက်ပိုင်း ဒါဟာသူ့အတွက် ပထမဆုံး ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်နဲ့ပဲ အကောင်းဆုံးမင်းသမီးဆု အတွက် အော်စကာဆုပေးပွဲမှာ ဆန်ခါတင် စာရင်းဝင်ခဲ့ပြီး “Shallow” ဇာတ်ဝင်တေးနဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆုကို ရရှိခဲ့ပါတယ်။
Ref: asiaone