ဂီတလောကထဲကို ဝါသနာပါတဲ့ အနုပညာရှင်များအနေဖြင့် ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့ကြတဲ့အထဲမှာမှ တယောက်တည်း ကြိုးစားရသူများနဲ့ ပြိုင်ပွဲများမှတဆင့် လာသူများရဲ့ကွာခြားမှုကို တေးရေးဆရာတဦးဖြစ်တဲ့ ရွှေဂျော်ဂျော်က ပြောပြခဲ့ပါတယ်။
“တယောက်တည်း ကြိုးစားရင် မအောင်မြင်နိုင်ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ အပြင်မှာလည်း တကယ်ကြိုးစားပြီး လူရှေ့ကို ရောက်နိုင်လောက်တဲ့ ထင်းထင်းလင်းလင်း အရည်အချင်းရှိရင်တော့ အဆင်ပြေတာပေါ့။ ဒါတော့ ကံကြမ္မာလည်း ရှိသေးတာပေါ့” လို့ ရွှေဂျော်ဂျော်က ပြောပါတယ်။
ပြိုင်ပွဲများမှ တဆင့်မဟုတ်ဘဲ ကိုယ့်လမ်းကိုယ်ဖောက်တဲ့ သူများအနေနဲ့ကတော့ လူသိရန် ခက်ခဲပြီး ပြိုင်ပွဲများမှ လာတဲ့သူများကတော့ ရောထွေး ပျောက်ကွယ်မသွားအောင် ကြိုးစားရတယ်လို့ ပြောပါတယ်။
“နောက်ပိုင်း ရပ်တည်မှုက အပြင်က ကိုယ့်ဘာသာ လာတဲ့သူတွေက လူသိဖို့ နည်းနည်း ခက်ခဲတာပေါ့။ တော်တော် ထိုးဖောက်ရတယ်။ Facebook က Free Share တွေနဲ့ ရောနေတာမျိုး။ စင်တခုခု ပြိုင်ပွဲတခုခုက ရောက်လာတာမျိုးကျတော့ လူကမြန်မြန် သိသွားတာပေါ့”
“လူမြန်မြန်သိသွားတဲ့အားကို ဆက်လက်ပြီး အသုံးမချနိုင်ရင်တော့ Season တွေက များလာတဲ့အခါ Star တွေကလည်း များလာတော့ ရောထွေး ပျောက်ကွယ်သွားတာမျိုးဖြစ်တာပါပဲ။ အဲ့လို မဖြစ်အောင် ကြိုးစားရမှာပေါ့” လို့ ရွှေဂျော်ဂျော်ကပြောပါတယ်။
ဆက်လက်ပြီး “နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ လွယ်လွယ်နဲ့တော့ မရတာ များတယ်။ ကံကောင်းတဲ့သူဆိုတမျိုး လူတိုင်းကတော့ ကြိုးစားကြရတာပါပဲ။ သိပ်ကံကောင်းတဲ့သူက လွဲရင်ပေါ့။ သူတို့ဟာ ပြိုင်ပွဲတုန်းကလည်း ကြိုးစားရတယ်။ ပြီးရင်လည်း ကြိုးစားသွားရမှာပါပဲ”လို့ ရွှေဂျော်ဂျော်က ပြောပါတယ်။
အခုနောက်ပိုင်းမှာဆိုရင်တော့ ပြိုင်ပွဲအမျိုးမျိုးမှ တက်လာကြတဲ့သူများ၊ ကိုယ်တိုင် လမ်းဖောက်ကြတဲ့သူများ များစွာပေါ်ထွက်လာတာကြောင့် ပရိသတ်ရင်ထဲ ရောက်ပြီးသား အနုပညာရှင်များဟာ ပရိသတ်ရှေ့မှ ပျောက်ကွယ်သွားတာမျိုးတွေ ရှိနေတဲ့အပေါ်မှာလည်း သူ့အမြင်ကို ပြောပြခဲ့ပါတယ်။
“အဲဒါကတော့ ပြောရ ခက်တယ်။ နိုင်ငံတကာမှာလည်း Artist Old Star တွေ ရှိတယ်။ လက်ရှိ နာမည်ကြီး နေတဲ့သူတွေလည်း ရှိတယ်။ အသစ်တွေလည်း ရှိမယ်။ အဲဒီထဲမှာမှ မနှစ်မြှုပ်အောင် ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင် အဆက်အသွယ် မပြတ်အောင် နေရမယ်။ ဒါကတော့ စီးပွားရေးအရ ပြောတာပေါ့နော်”
“အနုပညာအနေနဲ့ ပြောရရင်တော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ရတယ်။ စီးပွားရေးသဘော ပါလာရင်တော့ အဆက်မပြတ်အောင် ကိုယ့် Brand ကို မတိမ်ကောအောင် စီမံခန့်ခွဲမှုပညာ လိုအပ်လာပြီပေါ့” လို့ ရွှေဂျော်ဂျော်က ပြောပါတယ်။
တေးရေးဆရာ ရွှေဂျော်ဂျော်ကတော့ ဂီတလောကမှာ သီချင်းကောင်းများစွာကို ဖန်တီးလာခဲ့သူတယောက်ဖြစ်ပြီး လက်ရှိအချိန်အထိလည်း အသစ်သစ်သော ဖန်တီးမှုများကို ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။