ဟောင်ကောင်မင်းသား Simon Yam ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပရိုမိုးရှင်းပွဲတခုမှာ ဓားထိုးခံခဲ့ရပြီး တဲ့နောက် ဆက်လက်လှုပ်ရှားမယ့် အနုပညာလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အကောင်းဘက်ကနေ ရှုမြင်သုံးသပ်နေပါတယ်။
အသက် ၆၄ နှစ်အရွယ် မင်းသား Yam က “ကျနော်ကတော့ အကောင်းဘက်က ထင်ပါတယ်။ ရှေ့ဆက်လည်း လုပ်ဆောင်သွားမှာပါ။ ဒါဟာ ကျနော့် သရုပ်ဆောင်လုပ်ငန်းနဲ့ ဘဝအတွက် လက်ကိုင်ဆောင်ပုဒ်ဖြစ်ပါတယ်။ ကျနော်က ရိုးရိုးရှင်းရှင်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
မင်းသားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Star Search 2019 Grand Finals မှာ ဒိုင်တဦးအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ သူဟာ ဗိုက်ကို ဓားထိုးခံခဲ့ရပြီး လက်မှာ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် ဆေးရုံကို ၅ ရက် တက်ရောက်ခဲ့ရပါတယ်။ အဲ့ဒီနောက် ထိခိုက်မှုတွေကို ကုသဖို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
သူ့ရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေဆဲဖြစ်ပေမယ့် အဆင်ပြေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ သူက “၃ လလောက် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လေ့ကျင့်ခန်းပဲ လုပ်နိုင်ခဲ့တယ်။ ပြေးနိုင်ခဲ့တယ်။ အရမ်းလေးတဲ့ ဝိတ်တုံးတွေကို မ မနိုင်သေးဘူး” လို့ ဆိုပါတယ်။
ဒိုင်အဖြစ် ဆောင်ရွက်ဖို့ စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့ပြီးတဲ့နောက် ရာသီဥတု ပူပြင်းနေပေမယ့် ၂ နာရီလောက် အပြေးလေ့ကျင့်ခဲ့တဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ “စင်ကာပူမှာ ရာသီဥတုကို မြင်တွေ့ရတာ ကျနော် အရမ်းပျော်ရွှင်မိပါတယ်။ ကျနော် ၆ ကီလိုမီတာလောက် ပြေးခဲ့ပါတယ်။ အရမ်းပျော်ခဲ့ပါတယ်။ နေဟာ ဘဝအတွက် အရေးကြီးတာကြောင့် ပိုနွေးထွေးနေလို့ အဆင်ပြေပါတယ်။ နေ့တိုင်း ကျနော်တိုရဲ့ ဘဝတွေကို နေထိခံသင့်ပါတယ်”လို့ မင်းသားက ပြောဆိုခဲ့ပါတယ်။
ဓားနဲ့ထိုးခဲ့သူကို တရားမစွဲဆိုဖို့ ဆုံးဖြတ်လိုက်ရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်လို့ “အဲ့ဒီအတွက် ကျေးဇူးတင်တဲ့စိတ်နဲ့ အကောင်းမြင်ထားပါတယ်။ ကျော်သွားလိုက်ချင်ပါတယ်။ ကျနော့်ဘဝကို ကျနော် ချစ်ပါတယ်။ ကျနော်လုပ်တဲ့ အရာတွေပေါ်မှာလည်း စိတ်အားထက်သန်မှု အများကြီးထားပါတယ်။ ကျနော်လုပ်တဲ့ အရာတွေပေါ်မှာ စိတ်အားထက်သန်မှုရှိတာ ၄၅ နှစ်လောက် ရှိနေပါပြီ”လို့ မင်းသားက ဆိုပါတယ်။
“Lara Croft: Tomb Raider – The Cradle of Life” နဲ့ “The Thieves” တို့လို ကမ္ဘာကျော် ရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသား Yam ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကလို့ အနုပညာလုပ်ငန်းထဲ ရောက်ရှိလာသူ ဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ မင်းသားကြီး ချောင်ယွန်ဖတ်နဲ့အတူ ပါဝင်ထားတဲ့ “Full Contact” ရုပ်ရှင်မှာ ပါဝင်ခဲ့ရာကနေ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။
Ref:CNA
You may also like these stories:
ဓားထိုးခံခဲ့ရတဲ့ ဟောင်ကောင်မင်းသား Simon Yam ရဲ့ ဒုတိယမြောက် ခွဲစိတ်ကုသမှု အောင်မြင်
မင်းသား Simon Yam ဆေးရုံဆင်းလာပြီ ဖြစ်ပေမယ့် ပရိသတ်ရှေ့ ပြန်လာဖို့ အစီအစဉ် မရှိသေး