မြန်မာရုပ်ရှင် ဇာတ်ကားများကို အများနဲ့မတူ တမူ ထူးခြားအောင် ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ လတ်တလောမှာ ရုံတင်ပြသနေတဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“ရုပ်ရှင်တကားကို ဖန်တီးတဲ့အခါကျရင် ဖန်တီးသူတွေ အများကြီး ပါတယ်။ ကျမတို့က တွေ့တာကို လုပ်လိုက်တာ မဟုတ်ဘူးပေါ့။ အရာအားလုံးကို သေသေချာချာ ၄၊ ၅၊ ၆ လလောက် အချိန်ယူပြီး လုပ်ရတယ်။ ငွေကုန်ကြေးကျတွေလည်း အများကြီး ပါထားတယ်။ ဒါကြောင့်မို့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ကုန်ပစ္စည်းအနေနဲ့ မထုတ်ပါနဲ့ဆိုတဲ့ သဘောတရားကတော့ အဓိကက ရပိုင်ခွင့်ရှိတဲ့သူတွေ အကုန်လုံးကို လေးလေးစားစား ဆက်ဆံစေချင်တဲ့ သဘောပါပဲ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
ဆက်လက်ပြီး ဇာတ်ကား မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးလည်း ဒါရိုက်တာ ခရစ္စတီးနားခီက အခုလို ဆိုပါတယ်။
“မူပိုင်ခွင့်တွေ အွန်လိုင်းမှာ ပြန့်မှာ ကြောက်တယ်။ မုဒြာခေါ်သံတုန်းကလည်း ထွက်လာတာလေးတွေ ရှိတော့ အဆင်မပြေဘူးပေါ့။ မြန်မာရုပ်ရှင်က ဖန်တီးသူတွေက ပိုက်ဆံအများကြီး မရနိုင်သေးတဲ့ Business ဖြစ်နေသေးတယ်။ ကျမတို့ ကားကို သေချာ စနစ်တကျ ဖန်တီးတဲ့ နေရာမှာ ငွေကုန်ကြေးကျတွေ ရှိတာပေါ့နော်။ ထိုင်းမှာ အသံတွေ သွားလုပ်တုန်းကလည်း သိန်းကိုထောင်နဲ့ချီပြီး ကုန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကတော့ ကွာလတီအတွက် ယူတာပေါ့နော်”
“ကျမတို့ကလည်း ပရိသတ်ကို ကောင်းကောင်းလေး အရသာရှိရှိ ကြည့်စေချင်တယ်။ အဲ့အတွက် တကားလုံး သေသေချာချာ လုပ်ခဲ့တယ်။ ၂ ပတ်လောက်တောင် အရင်းကျေပါ့မလား စိတ်ပူခဲ့တယ်။ အနုပညာလုပ်တယ်ဆိုတာ ငွေထက် ခံစားမှုတခုကို ပိုချပြလိုက်တာပေါ့။ ပိုက်ဆံကတော့ အရင်ကားထက် ၃ ဆလောက် ပိုကုန်တယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။
Now & Ever ကို ပရိသတ်တွေ အားပေးလို့ ဝမ်းသာဂုဏ်ယူသလို အနယ်နယ် အရပ်ရပ်က ပရိသတ်တွေလည်း တဦးတယောက် မကျန်အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။
“ထာဝနှောင်ကြိုးမှ မဟုတ်ပါဘူး။ အရင် ၂ ကားမှာကတည်းက Cinema Tour Plan ကို သေချာ ဆွဲတယ်။ ကိုယ့်ပရိသတ်ကိုလည်း သေချာတွေ့ချင်တယ်။ အမှန်တိုင်းပြောရရင် သူတို့ Feedback ကို ကိုယ်တိုင်ကြားချင်တယ်။ အဲ့ဒါကြောင့် သွားဖြစ်တာလည်း ပါတယ်။ တချို့ မြို့တွေ မလာလို့ စိတ်မကောင်းကြတာလည်း ရှိတယ်။ တခြားမြို့တွေလည်း သွားချင်ပါတယ်။
ပရိသတ်တွေ အားပေးလို့ အရမ်းဝမ်းသာ ဂုဏ်ယူဖြစ်ရပါတယ်။ အနယ်နယ် အရပ်ရပ်က ပရိသတ်တွေလည်း တဦး တယောက်မကျန် အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ မကြည့်ရသေးရင်လည်း ဆက်ဆက်ကြည့်ပါလို့ ကျမတို့ တကယ်ကို ကြိုးစားထားပါတယ်။ ကြိုးစားထားတဲ့ ကားတွေလည်း ဆက်ရိုက်ချင်ပါသေးတယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီကတော့ “မုဒြာခေါ်သံ” ၊ “ဥပါယ်တံမျဉ်” စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ သူမ ရိုက်ကူးတဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ရုံတင်ပြသနေပြီဖြစ်ပြီး “ထာဝရနှောင်ကြိုး” ရုပ်ရှင်သီချင်းများ ပါဝင်တဲ့ အခွေကို နိုဝင်ဘာ ၂ ရက်နေ့မှာ စတင်ရောင်းချခဲ့ပါတယ်။
You may also like these stories:
“Now & Ever” ရုပ်ရှင်က ပေးတဲ့ Message က အရမ်းကောင်းတယ်လို့ ဝတ်မှုံရွှေရည် ပြော
“Now & Ever” ရုပ်ရှင် ရိုက်ကူးရင်း ခံစားခဲ့ရတဲ့အကြောင်း ပြောပြတဲ့ ပိုင်ဖြိုးသု
ဘဝတလျှောက်လုံး ရုပ်ရှင် ၁၀ ကားခန့် ရိုက်ဖို့ ရည်ရွယ်ထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
“Now and Ever” ရုပ်ရှင်နဲ့ ပတ်သက်ပြီး အရမ်းရင်ခုန် မျှော်လင့်နေတဲ့ သရုပ်ဆောင် ဇဏ်ခီ