သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်သူ မေတိုးခိုင်ကတော့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ဇာတ်ကားမှာ အဒေါ်ဖြစ်သူ သရုပ်ဆောင်ထားတဲ့အပေါ် အခုလိုပဲ ချီးကျူးစကား ဆိုလိုက်ပါတယ်
“ရိုးမပေါ်ကျတဲ့ မျက်ရည် ဇာတ်ကားမှာ တီဝဲ (အိန္ဒြာကျော်ဇင်) လုပ်ရတဲ့ ဇာတ်ကောင်က လုပ်ခဲ့ဖူးတဲ့ ဇာတ်ကောင်တွေနဲ့ အရမ်းခြားနားတယ်။ တီဝဲ အရမ်းကြိုးစားထားတယ်။ အဓိက အိမ်မှာ ဆေးပေါ့လိပ်သောက်တာကို ဦးလေး တယောက်ဆီက သေချာပြန်သင်တာ တွေ့ရတယ်။ ကွမ်းယာ ဝါးတာတွေလည်း ပါးစပ်တွေ ပေါက်တဲ့အထိ သေချာကို လက်တွေ့လုပ်ခဲ့တာပါ။
တီဝဲက တော်တော်ကို ကြိုးစားထားတဲ့ ကားပါ။ တီဝဲ အဲ့ကားမှာ အရမ်းမိုက်တယ်။ ဆံပင်တိုနဲ့တောင်မိုက်နေတယ်။ ပုဆိုးကြီး မပြီး စကားပြောတာတွေလည်း သဘောကျတယ်။ ဖူးကို ဘယ်လို ဇာတ်ရုပ်ဖြစ်ဖြစ် ဖူးတကယ်ကြိုက်တယ်၊ နှစ်သက်တယ် လုပ်နိုင်မယ်ဆိုရင် ဖူးလည်း အကောင်းဆုံးကြိုးစားပြီး လုပ်သွားမှာပါ။ တီဝဲတို့ သင်ပေးတာရော ဖူးကိုယ်တိုင်လည်း အနုပညာ ဝါသနာပါတော့ အနုပညာနဲ့ ပတ်သက်တာ အကုန်လေ့လာဖြစ်တယ်။ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်”လို့ မေတိုးခိုင်က ပြောပါတယ်။
အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို မေတိုးခိုင်ဟာ ခရီးတွေ ဆက်တိုက်သွားဖြစ်နေပြီး ခရီးသွားရင်လည်း သူငယ်ချင်းတွေနဲ့ ခရီးသွားရတာ အရမ်းပျော်ကောင်းတယ်လို့ ဆိုပါတယ်။
“လတ်တလောတော့ ကြော်ငြာလေးတွေ ရိုက်ဖြစ်နေတယ်။ ခရီးတွေ ဆက်တိုက်သွားပြီးတော့ အသားတွေ အရမ်းပျက်စီးလို့ အိမ်ထဲမှာ အသားအရေ ပြန်ထိန်းသိမ်းနေတယ်။ ခရီးက များသောအားဖြင့် မိသားစုနဲ့ သွားဖြစ်သလို အလုပ်နဲ့လည်း သွားဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ ခရီးသွားတာ အရမ်းပျော်ဖို့ ကောင်းတယ်။ အိမ်နဲ့ပဲ ခရီးသွားနေကျ ဆိုတော့ သူငယ်ချင်းတွေနဲ့ သွားရတာက တမျိုး ဖီလင်ပေါ့။
သူငယ်ချင်းဆိုရင် ပြိုင်ဆိုင်မှုမရှိဘဲ စိတ်ရှင်းရှင်းလေးနဲ့ စိတ်ကောင်းရှိတဲ့ သူငယ်ချင်းကို ပိုပေါင်းဖြစ်တယ်။ အပြင်က သူငယ်ချင်းဆိုလည်း ငယ်ငယ်ကတည်းက ပေါင်းတဲ့ သူငယ်ချင်းနဲ့ပဲပေါင်းဖြစ်တယ်။ အနုပညာလောကထဲကဆိုလည်း နားလည်မှုအပြည့် ပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့ ရွေးပေါင်းဖြစ်ပါတယ်”လို့ မေတိုးခိုင်က ပြောပါတယ်။
မေတိုးခိုင်ဟာ ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမယ် တယောက်အဖြစ် ပါဝင်ခဲ့ပြီး “ရူးအောင်ချစ်မယ့် လူ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မေတိုးခိုင်အတွက်တော့ “ရူးအောင်ချစ်မယ့် လူ” ရုပ်ရှင်ဇာတ်ကားက ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
You May Also Like This Story:
ရုံတင်မယ့် ဇာတ်ကားတွေမှာ မြင်ရတဲ့အထိ ကြိုးစားသွားမယ့် သရုပ်ဆောင် ကောင်းမြတ်စံ