ဂျပန်နိုင်ငံက အစပြုခဲ့တဲ့ ကမ္ဘာကျော် ဂေါ်ဇီလာရုပ်ရှင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာပဲ သက်တမ်း ၆၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဟောလိဝုဒ်ကနေ လက်ဆင့်ကမ်း ရိုက်ကူးခဲ့တဲ့ ဂေါ်ဇီလာ နောက်ဆက်တွဲ ရုပ်ရှင်တွေဟာဆိုရင် ရုံဝင်ငွေ ဒေါ်လာ သန်းနဲ့ချီရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သက်တမ်း ၆၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ဂေါ်ဇီလာရဲ့ နာမည်ကျော်ကြားမှုက မှေးမှိန်သွားခြင်း မရှိသေးဘဲ ကမ္ဘာပေါ် အကျိုးပြုခဲ့တဲ့ သတ္တဝါကြီးအဖြစ်ရော၊ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တဲ့ မကောင်းဆိုးရွားကြီး အဖြစ်ပါ ပရိသတ်တွေက အမှတ်ရနေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၉၅၄ ခုနှစ်မှာ ပထမဆုံး ပြသခဲ့တဲ့ ဂေါ်ဇီလာ ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ၆၅ နှစ် ပြည့်မြောက်ခဲ့တာပါ။ အဲ့ဒီပထမဆုံး ရုပ်ရှင်ကနေ တဆင့် ပေါက်ဖွားလာခဲ့တဲ့ နောက်ဆုံးထွက် ရုပ်ရှင် “Godzilla: King of the Monsters” ဟာ ဆိုရင် ဒေါ်လာ ၃၈၅ သန်း ရတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့တာကို တွေ့ရပါတယ်။
အဲဒီ နောက်ဆုံးထွက် ရုပ်ရှင်ဟာ ဂေါ်ဇီလာ ရုပ်ရှင်တွေထဲမှာ ၃၅ ကားမြောက် ဖြစ်ပြီး ဟောလိဝုဒ် စတူဒီယို တခုကနေ ထုတ်လုပ်ခဲ့တဲ့အထဲမှာ တတိယမြောက် ရုပ်ရှင်လည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း ကလေးဘဝအနေနဲ့ ဖြတ်သန်းခဲ့သူတွေက အခုအချိန်မှာ အသက်အရွယ် အိုမင်းနေသူတွေ ဖြစ်နေကြပေမယ့် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဂေါ်ဇီလာ ရုပ်ရှင်ကို ပြန်မြင်ရလိုက်ရတဲ့ အခါတိုင်းမှာ သူတို့ရဲ့ ငယ်ဘဝကို ပြန်လည် တမ်းတသတိရကြတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံလို ကြည့်စရာ၊ ရှုစရာတွေ များလွန်းတဲ့ နိုင်ငံမျိုးမှာတော့ ဂေါ်ဇီလာဆိုတဲ့ ဇာတ်ကောင်ကို စိတ်ဝင်စား အားပေးကြတဲ့သူတွေက ဒုနဲ့ ဒေး ရှိနေပါတယ်။
ဒါပေမယ့် ရုပ်ရှင်ဝေဖန်သူ Shoji ရဲ့အဆိုအရ ဂေါ်ဇီလာဆိုတဲ့ ဇာတ်ကောင်ဟာ အမေရိကန်နိုင်ငံမှာ ကာလအတန်ကြာ ဟာသတခုလို ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံမှာတော့ နိုင်ငံရဲ့ အနုပညာ အခြေခံအုတ်မြစ်တွေထဲမှာ ဂေါ်ဇီလာအကြောင်းကို ချန်လှပ်ပြောလို့ မရအောင် သြဇာကြီးမားပါတယ်။
ဒါရိုက်တာ Ishiro Honda ရိုက်ကူးခဲ့တဲ့ ပထမဆုံး ရုပ်ရှင်မှာတော့ ဂေါ်ဇီလာဆိုတဲ့ သတ္တဝါကြီးဟာ သမိုင်းမတင်မီ ခေတ်ကာလကတည်းက ရေအောက်မှာရှိခဲ့တာ ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာတွင်း နျူကလီးယား စမ်းသပ်မှုတွေကတော့ ဓာတ်ရောင်ခြည်သင့် နိုးထလာခဲ့ပုံကို ပုံဖော်ထားပါတယ်။
အဲ့ဒီရုပ်ရှင်ကို ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေပေါ် နျူကလီးယားဗုံးတွေ ကြဲချခံရပြီး ဆယ်စုနှစ် တခုအကြာမှာ ရိုက်ကူးခဲ့တာ ဖြစ်တာကြောင့် ကြည့်ရှုခဲ့ကြသူတွေက ဒုတိယကမ္ဘာစစ်ကို အမှတ်ရနေခဲ့ကြရပါတယ်။ ဂေါ်ဇီလာအကြောင်း ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာဆိုရင် အဲ့ဒီသတ္တဝါကြီးရဲ့ အမြင့်ကို ၅၀ မီတာလို့ ဖော်ပြခဲ့ကြပေမယ့် ၁၉၉၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေမှာတော့ မီတာ ၁၀၀ လို့ ဖော်ပြခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Godzilla: Planet of the Monsters” ရုပ်ရှင်မှာတော့ မီတာ ၃၀၀ လို့ ဖော်ပြပါတယ်။ ဂေါ်ဇီလာနဲ့ ပတ်သက်တဲ့ ရုပ်ရှင်၊ တီဗီစီးရီး၊ စာအုပ်နဲ့ ကာတွန်းအစီအစဉ်တွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဂေါ်ဇီလာဆိုတဲ့ ဇာတ်ကောင်ကတော့ အခုအချိန်အထိ နေမဝင်သေးဘူးလို့ ဆိုရမှာပါ။ နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်တဲ့ “Godzilla vs Kong” ကို ဟောလိဝုဒ်ကနေ ဖန်တီးနေပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့မှာ ဖြန့်ချိဖို့ ရှိနေပါတယ်။
Ref:asiaone
You May Also Like This Story:
မြောက်အမေရိကဈေးကွက်မှာ “Godzilla: King Of The Monsters” ရုပ်ရှင် အောင်ပွဲခံ