တောင်ကိုရီးယား ဒါရိုက်တာ Bong Joon-ho ရဲ့ မိသားစု ဇာတ်လမ်း “Parasite” ဟာ အမေရိကန် ရုပ်ရှင်ရုံဝင်ငွေမှာ တော်တော်လေး အခြေအနေကောင်းတယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထွက်ရှိလာတဲ့ ရုပ်ရှင်လုပ်ငန်း အချက်အလက်တွေထဲမှာ တွေ့ရပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ကစလို့ အမေရိကန် နိုင်ငံတဝန်းလုံးမှာ ပြသခဲ့တဲ့ အဲ့ဒီ ကိုရီးယားစကားပြောရုပ်ရှင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ၃ ရက်နေ့ အထိ ၃ ရက်တာ ကာလမှာတော့ ဒေါ်လာ ၂ ဒဿမ ၆ သန်း ထပ်မံရရှိခဲ့တယ်လို့ Box Office Mojo မီဒီယာ အချက်အလက်အရ သိရပါတယ်။
၂၀၁၃ ခုနှစ်တုန်းက ဒါရိုက်တာ Bong ရဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် “Snowpiercer” ရရှိခဲ့တဲ့ ဝင်ငွေ ဒေါ်လာ ၄ ဒဿမ ၆ သန်းကို ကျော်လွန်ပြီး “Parasite” ရုပ်ရှင်က ဒေါ်လာ ၇ ဒဿမ ၅ သန်းရရှိထားပြီ ဖြစ်ပါတယ်။ အခုဆိုရင် နယူးယောက်၊ လော့စ်အင်ဂျလိစ်၊ ဘော်စတွန်၊ ချီကာဂိုနဲ့ ဆန်ဖရန်ဆစ္စကိုမှာရှိတဲ့ ရုံပေါင်း ၄၆၁ ရုံမှာလည် ပြသနေပါတယ်။
“Parasite” ရုပ်ရှင်ကို နယူးယောက်နဲ့ လော့စ်အင်ဂျလိစ်မှာရှိတဲ့ ရုပ်ရှင်ရုံ ၃ ခုမှာ စတင်ပြသခဲ့ပြီး ပထမဆုံး သီတင်းပတ်မှာတင် ဝင်ငွေဒေါ်လာ ၃ သိန်းကျော် ရရှိခဲ့ပါတယ်။ အမေရိကန်မှာ ပြသခဲ့ဖူးခဲ့တဲ့ နိုင်ငံခြားစကားပြော ရုပ်ရှင်တွေထဲမှာတော့ တရုံချင်းအလိုက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အမေရိကန် ရုံဝင်ငွေ အချက်အလက် ထောက်ပံ့သူ The Numbers ကနေ နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သီးခြား အချက်အလက်များအရ “Parasite” ရုပ်ရှင်ဟာ နိုင်ငံတကာရုံဝင်ငွေအအဖြစ် ဒေါ်လာ ၁၀၉ သန်းရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဒေါ်လာ ၈၇ ဒဿမ ၈ သန်းရရှိခဲ့တဲ့ “Snowpiercer” နဲ့ ဒေါ်လာ ၉၂ ဒဿမ ၆ သန်းရရှိခဲ့တဲ့ “The Host” ရုပ်ရှင်တွေရဲ့ ဝင်ငွေထက်ကို ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားတနိုင်ငံတည်းမှာ ဒေါ်လာ ၇၁ ဒဿမ ၁ သန်းရရှိခဲ့ပြီး ပြင်သစ်မှာတော့ ဒေါ်လာ ၁၁ ဒဿမ ၉ သန်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ ကျည်ဆံအမြန်နှုန်းနဲ့ အောင်မြင်နေတဲ့ အဲ့ဒီရုပ်ရှင်ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲအတွက် အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင် ရရှိနိုင်တဲ့ ဇာတ်ကားအဖြစ် ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။
လာမယ့်နှစ် ဖေဖော်ဝါရီလထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အော်စကာဆုပေးပွဲအတွက် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြုရုပ်ရှင်အဖြစ် ရွေးချယ်လိုက်ပြီး ကြေညာထားပြီးလည်း ဖြစ်ပါတယ်။ အမေရိကန် မီဒီယာတွေကတော့ အဲ့ဒီ ရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ကားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရလိမ့်မယ်လို့ ထင်ကြေးပေးနေတာတွေ လည်းရှိနေပါတယ်။
Ref:Yonhap