အမျိုးသားစာပေ ပညာဆုရ စာရေးဆရာ၊ ကျောင်းဆရာ ဦးတင်ညွှန့်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးရာမှာ ဇာတ်ကောင်တခုဖြစ်တဲ့ ယောက်ျားလျာ ကျောင်းဆရာတဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီလို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်က ဇာတ်ရုပ်ပီပြင်စေရန်အတွက် ကြိုးစားခဲ့ရတဲ့ အကြောင်းများကို အခုလိုပြောပြခဲ့ပါတယ်။
“အရင်လုပ်ခဲ့တဲ့ Tom boy တွေက လူငယ်လည်းဖြစ်မယ်။ ခေတ် ယောက်ျားလျာ ပုံစံမျိုးဆိုတော့ သိပ်မခဲယဉ်းဘူးပေါ့။ ဒါကကျတော့ အရင်ခေတ်က ပုံစံမျိုးလည်းဖြစ်ရမယ်။ ကျောင်းဆရာလည်း ဖြစ်ရမယ်။ အပြင်မှာလည်း တကယ့်ကိုမှ ကြမ်းကြမ်းရမ်းရမ်းလေ။ အခုထိလည်း ရှိနေသေးတယ်ဆိုတော့ ကိုတိုးရဲ့ပုံစံက တကယ့် ယောက်ျားပဲဆိုတော့ ကွမ်းစားတယ်။ ဆေးလိပ်သောက်တယ်။ အရက်သောက်တယ်။ ရန်ဖြစ်တယ်။ ကြမ်းကြမ်းရမ်းရမ်း ပုံစံမျိုးဆိုတော့၊ ဒါနဲ့တူအောင် ပြင်ဆင်ခဲ့ပါတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ကျောင်းဆရာတဦးဖြစ်ပေမယ့် ကိုတိုးဟာ စိတ်ကြမ်းလူကြမ်းနဲ့ ယောက်ျားလေးများထက် ယောက်ျားလေးပုံစံပေါက်အောင် နေထိုင်တတ်သူတယောက်ဖြစ်တာကြောင့် အိန္ဒြာကျော်ဇင်အနေနဲ့ အများကြီးပြောင်းလဲယူခဲ့ရပြီး ကွမ်းစား၊ ဆေးလိပ် သောက်တာတွေကို လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။
“အဲ့အတိုင်းကိုလုပ်ဖို့က အရမ်းခဲယဉ်းတယ်လေ။ အများကြီး ပြောင်းလဲယူရတယ်။ အသားအရောင်ကအစ ရွာမှာ နေတယ်။ ကြမ်းကြမ်းရမ်းရမ်းဆိုတော့ ညိုညစ်ညစ်ပုံစံမျိုးဖြစ်အောင် မိတ်ကပ်အညိုလိမ်းတာတို့ တကိုယ်လုံးပေါ်တဲ့နေရာ အကုန်လိမ်းတာပေါ့နော်”
“နောက်ပြီးတော့ ကွမ်းစားရတယ်။ သွားတွေနီနေအောင် အမြဲကွမ်းစားတဲ့ပုံစံမျိုး ဖြစ်ချင်လို့ ကွမ်းစားတော့လည်း အကျင့်မရှိတော့ မူးတာတွေဖြစ်တယ်။ ဆေးပေါ့လိပ်လည်း အဲ့လိုပဲ သောက်သောက်ချင်းမှာတော့ မူးတယ်။ ဒါပေမယ့် လေ့ကျင့်ခဲ့ရတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရိုက်တဲ့အချိန်မှာလည်း ဇာတ်ရုပ်အတွက် အဝတ်အစားကလည်း ပံ့ပိုးမှုများပေးခဲ့ပြီး ယောက်ျားလိုပုံစံဖြစ်စေရန် ရင်ဘတ်ကို ပြားချပ်နေအောင် စည်းထားခဲ့ရတာကြောင့် အသက်ရှုကြပ်တာမျိုးတွေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ရိုက်ကွင်းပေါ်ရောက်သွားတော့လည်း အဝတ်အစားတွေ ဘာတွေက ပံ့ပိုးပေးတယ်။ ရင်ဘတ်တွေဘာတွေကအစ ယောကျ်ားလျာတွေ ဝတ်တဲ့ စွပ်ကျယ်ကို ရင်ဘတ်တွေ စီးပြီးတော့ ချိတ်တွေနဲ့ ချိတ်ထားတဲ့ဟာကို မရိုက်ခင်ကတည်းက အကျင့်ဖြစ်အောင် ဝတ်ရတယ်။ အသက်ရှုတော့ ကြပ်တာပေါ့နော်”
“ ဒါပေမယ့် လုံးဝ Flat ဖြစ်တာကို လိုချင်တာကို။ ဒီထဲမှာ စွပ်ကျယ်ဝတ်တာကို လိုချင်တာဆိုတော့ အဲ့လိုဟာတွေကိုတော့ ကြိုးပမ်းရတာပေါ့” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
အပြင်မှာလည်း ကိုတိုးအစစ်နဲ့ တွေ့ဆုံခဲ့ပြီး ကိုတိုးကလည်း သူ့ကာရိုက်တာအတွက် သင်ကြားပေးတာလည်းရှိတယ်လို့ သိရပါတယ်။
“ကိုတိုးကြီးနဲ့ တွေ့တော့ သူက ဘယ်လိုနေတယ်နော် ဘယ်လိုကြမ်းတယ်နော် ဆိုပြီး သူက အရမ်းခင်စရာကောင်းတယ်။ အပြင်မှာလည်း သူယူထားတဲ့ မိန်းမတွေ ဘာတွေနဲ့လည်း မိတ်ဆက်ပေးတယ်။ တကယ်အပြင်မှာလည်း မိန်းမယူထားတယ်။ ကိုတိုးက စွံတယ်။ ခင်ဖို့ကောင်းတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ကွမ်းစား ၊ ဆေးလိပ်သောက်တဲ့ ပုံစံတွေကို ခင်ပွန်းဖြစ်သူ ပြေတီဦးဆီကလည်း သင်ကြားခဲ့ရတယ်လို့ သိရပါတယ်။
“ကွမ်းစားတာ ဆေးလိပ်သောက်တာ ကိုပြေတီဦးကိုလည်း မေးတယ်။ ဆေးလိပ်သောက်ရင် ရှိုက်တဲ့ပုံမျိုးတွေ ဆေးပေါ့လိပ်ကို ကိုင်တဲ့ပုံတွေ အဲဒါတွေက အထာတွေ ရှိတယ်။ ဒါပေမယ့် ဒီကားကြီးမှာတော့ ဆင်ဆာမှာ ဆေးပေါ့လိပ်သောက်တဲ့ အခန်းတွေ သိပ်မပါဘူး။ ဆင်ဆာထိသွားတာတွေ ရှိတယ်။ နည်းနည်းပဲ ပါတော့တယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
တချို့သော ဆေးလိပ်သောက် ၊ ကွမ်းစားတဲ့အခန်းများကို ဆင်တာဖြတ်ခဲ့တာကြောင့်လည်း နှမြောခဲ့ရတယ်လို့ ဆိုပါတယ်။
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ကားကြီးကိုတော့ ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးထားတာဖြစ်ပြီး မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မေမြင့်မိုရ် အစရှိတဲ့ သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
You May Also Like These Stories:
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်မှာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို ချီးကျူးလိုက်တဲ့ မေတိုးခိုင်
ကာရိုက်တာတခုကို ပီပီပြင်ပြင်ပုံဖော်ဖို့ ခဲယဉ်းတယ်လို့ အိန္ဒြာကျော်ဇင် ပြော