Entertainment

“ဖြစ်ရပ်မှန် ဇာတ်ကားအတွက် အိုက်တင် လျှံမသွားအောင် လုပ်ရတယ်”လို့ မြင့်မြတ် ပြော

Want create site? Find Free WordPress Themes and plugins.

“ရိုးမပေါ်ကျတဲ့ မျက်ရည်” ဆိုတဲ့ ရုပ်ရှင်ကားမှာ ကျောင်းဆရာ တင်မောင်ဝင်း ကာရိုက်တာအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ မြင့်မြတ်က ဖြစ်ရပ်မှန် ဇာတ်ကားအတွက် အိုက်တင် လျှံမသွားအောင် ဘောင်ထဲကနေ လုပ်ရတယ်လို့ ပြောပါတယ်။

“ဖြစ်ရပ်မှန်ဆိုတော့ ပိုတာဝန်ကြီးတာပေါ့။ ကိုယ့်ဘာသာ ဖန်တီးပြီး ရိုက်ရတဲ့ ဇာတ်လမ်းကျတော့ လွတ်လပ်တာပေါ့။ ဖြစ်ရပ်မှန် ဇာတ်ကားကျတော့ စည်းကမ်း ရှိရတာပေါ့။ အိုက်တင်တွေ ဘာတွေလည်း လျှံမသွားအောင်လို့ ဘောင်ထဲကနေ လုပ်ရတာပေါ့” လို့ မြင့်မြတ်က ပြောပါတယ်။

မပီပြင်မှာကိုလည်း စိုးရိမ်ပြီး ဒါရိုက်တာဖြစ်သူ ကိုပေါက်က သရုပ်ဆောင်ရမယ့် ပုံစံများကိုပြောပြကာ တိုင်ပင်ပြီး လုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“စိုးရိမ်တာက မပီပြင်မှာ စိုးတာပေါ့။ အဲ့အတွက်လည်း ကိုပေါက်က သရုပ်ဆောင်ရမယ့် ပုံစံလေးတွေလည်းပြောတယ်။ အဝတ်အစားကအစ ၁၉၈၀ ဝန်းကျင်လောက်က အဝတ်အစားလေးတွေကို ချုပ်ခိုင်းတယ်။ ကိုပေါက်နဲ့ တိုင်ပင်ပြီးတော့ လုပ်ဖြစ်တယ်” လို့ မြင့်မြတ်က ပြောပါတယ်။

ကျောင်းဆရာ ဇာတ်ရုပ်အတွက် ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ တက်တူးများကို မိတ်ကပ်များဖြင့်လည်း ဖုံးကွယ်ခဲ့ရပြီး ရုပ်ရှင်ထဲမှာပါတဲ့ ကာရိုက်တာတိုင်းက အဆင်ပြေပြေနဲ့ သရုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“တက်တူးတွေကို မိတ်ကပ်နဲ့လည်း ဖုံးရတယ်။ ပူပါတယ်ဆိုမှ အင်္ကျီ လက်ရှည်တွေလည်း ဝတ်ရတယ်။ ကျနော့်အနေနဲ့ ကျေနပ်ပါတယ်။ ကျနော် တယောက်ရယ်လို့ မဟုတ်ပါဘူး။ ဒီကားထဲမှာပါတဲ့သူတိုင်းက သူ့ကာရိုက်တာနဲ့သူ အဆင်ပြေကြတယ်။ ရိုက်တဲ့အချိန်မှာ တဇာတ်လုံးက စီးနေတာပဲ ကောင်းပါတယ်” လို့ မြင့်မြတ်က ပြောပါတယ်။

အခက်အခဲအနေနဲ့လည်း “အခက်အခဲကတော့ ဒီကားနဲ့ ပတ်သက်တဲ့ ထူးခြားတာတခုက များသောအားဖြင့် နယ်မှာရိုက်ရင် ဟိုတယ်မှာ တည်းကြတာများတယ်။ ဒီကားကတော့ ပဲခူးရိုးမမှာ ရိုက်တော့ ဟိုတယ် မရှိဘူး။ အဲ့တော့ ဘုန်းကြီးကျောင်းမှာပဲ သရုပ်ဆောင်တွေက ကိုယ့်နေရာလေးနဲ့ကိုယ်တန်းစီပြီး အိပ်ကြပေါ့။ ဇာတ်လမ်း အစအဆုံး အဲ့လို ရိုက်ခဲ့ရတာပေါ့” လို့ မြင့်မြတ်က ပြောပါတယ်။

ဇာတ်လမ်းမှာပါတဲ့ အဖြစ်အပျက်များဖြစ်ခဲ့တဲ့ ပဲခူးရိုးမရှိ ရွာမှာ သွားရောက် ရိုက်ကူးကြတဲ့အခါမှာတော့ ဇာတ်လမ်းထဲမှာပါတဲ့ ကိုတိုးကိုတော့ တွေ့ခဲ့ရပြီး မြင့်မြတ်ရဲ့ဇာတ်ကောင်ဖြစ်တဲ့ ဆရာကြီး တင်မောင်ဝင်းနဲ့တော့ မတွေ့ခဲ့ဘူးလို့ သိရပါတယ်။

မြင့်မြတ်ကတော့ ဖိလစ်ပိုင်မော်ဒယ်ဖြစ်တဲ့ Sinon Loresca နဲ့အတူ “လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးလျက်ရှိတယ်လို့လည်း သိရပါတယ်။

“Sinon နဲ့က အခုလက်ရှိ ရိုက်နေတုန်းပဲဗျ။ သူနဲ့ရိုက်တဲ့ Scene တွေကတော့ ပြီးသွားပြီ။ အမှိုက်ကောက်တာကလည်း ဇာတ်ဝင်ခန်းထဲက တခုပေါ့။ ဆီနွန်က အရမ်းဖော်ရွေတယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတယ်။ သဘောလည်းကောင်းတယ်။ အလုပ်အတူတူ တွဲလုပ်တဲ့အခါမှာလည်း အရမ်း အဆင်ပြေပါတယ်” လို့ မြင့်မြတ်က ပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်ဟာ အနုပညာလောကမှာ အချိန်ကြာမြင့်စွာ ရပ်တည်လာတဲ့ သရုပ်ဆောင် တယောက်ဖြစ်ပြီး ကာရိုက်တာအစုံကို ရိုက်ကူးနေသူလည်း ဖြစ်ပါတယ်။

You May Also Like These Stories:

ကျောင်းဆရာ ကိုတိုး ကာရိုက်တာဖြစ်အောင် သေချာ ကြိုးစားခဲ့တဲ့ အိန္ဒြာကျော်ဇင်

“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်မှာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို ချီးကျူးလိုက်တဲ့ မေတိုးခိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading