MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှာ ပါဝင်ခဲ့ရာမှ ပရိသတ် ချစ်ခင်မှု ရရှိလာခဲ့တဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ ယခုနှစ်အတွင်း သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက် ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။
“ရိုးမပေါ်ကျတဲ့ မျက်ရည်ကားကတော့ ဒရာမာပေါ့။ ၁၉၈၀ ခုနစ်ရဲ့ပညာရေးစနစ်ကို ပြထားတဲ့ ကားလေးဆိုတော့ ပရိသတ်တွေအနေနဲ့ ကြည့်ရှုစေချင်တယ်။ ပညာရေးစနစ်ရော၊ လူတွေရဲ့ အကြောင်းတွေရော အများကြီး ထည့်ရိုက်ထားတာဆိုတော့ ကြည့်ရှုစေချင်တယ်။ ကြည့်လို့ကောင်းမယ့်ကား ဖြစ်မယ်လို့လည်း မြင်တယ်”
“ပြီးတော့ “၁၀၁၄” ဆိုတဲ့ကားကြီးကျတော့ ဦးမောင်(ကျော်သူ) ရိုက်တယ်။ ဗုဒ္ဓဘာသာရဲ့အကြောင်း၊ မေတ္တာတရား အကြောင်းကို ပြထားတဲ့ကားလေးပေါ့။ ဒါပြီးရင် “ကြောက်ကြောက်ကြောက်” ဆိုရင်လူငယ်တွေ ကြိုက်မယ်။ သရဲကား ပုံစံလေးပေါ့။ အကုန်လုံးကတော့ ရသ တမျိုးစီပါ” လို့ မေမြင့်မိုရ်က ပြောပါတယ်။
“ရိုးမပေါ်ကျတဲ့မျက်ရည်” ဇာတ်ကားကတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဒါရိုက်တာ ကျော်သူ ရိုက်ကူးထားတဲ့ “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့နဲ့ “ကြောက်ကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒီဇင်ဘာ ၂၆ ရက်နေ့တို့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
မကြာခင်မှာ ရုံတင်မယ့် ဖြစ်ရပ်မှန် ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ တခါမှ သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာတခုနဲ့ ကြိုးစားထားတယ်လို့ သိရပါတယ်။
“ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကားထဲမှာ မာလာဆိုတဲ့ ကာရိုက်တာ သရုပ်ဆောင်ထားပါတယ်။ ဒီကာရိုက်တာကတော့ ပြင်ဆင်မှုအများဆုံး ကာရိုက်တာလို့ ပြောရမယ်။ ရိုးရိုး သာမန် မိန်းကလေးတယောက် မဟုတ်ဘူး။ ခြေတဖက် မသန်ဘူး။ ချိုင်းထောက်ကို အသုံးပြုပြီး သွားလာနေရတဲ့ ကောင်မလေးဆိုတော့ အတတ်နိုင်ဆုံး မာလာဖြစ်အောင်လို့ စိတ်ရော ပုံစံရော အများကြီးပြုပြင်ပြီး အများကြီး ကြိုးစားရပါတယ်” လို့ မေမြင့်မိုရ်ကပြောပါတယ်။
မေမြင့်မိုရ်ကတော့ သူ သရုပ်ဆောင်ရတဲ့ မာလာဆိုတဲ့ ကာရိုက်တာအတွက် တကယ်ဖြစ်အောင် ကြိုးစားထားတယ်လို့ သိရပါတယ်။
“စိန်ခေါ်မှု အကြီးဆုံးပါပဲ။ တခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာဆိုတော့ ကိုယ်ဘယ်လို ပုံဖော်ရမလဲ ဆိုတာကို ဇာတ်ညွှန်း ဖတ်ရင်းနဲ့လည်း စဉ်းစားတယ်။ လေ့ကျင့်နေတဲ့အချိန်မှာလည်း မာလာဆိုတာ တကယ်ဖြစ်အောင်လို့ ကြိုးစားတယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။
မေမြင့်မိုရ်ကတော့ ယခုလအတွင်းမှာပဲ ရုပ်ရှင်ကားကြီးတကားဖြစ်တဲ့ “စတုတ္ထမြောက် သွေးကြောမျှင်” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို နိုင်းနိုင်း၊ ရွှေထူး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ရိုက်ကူးသွားဖို့ရှိပြီး ဇာတ်လမ်းတွဲ အသစ် ရိုက်ဖို့ အတွက်တော့ မသေချာသေးဘူးလို့ သိရပါတယ်။