Marvel ရဲ့ “Eternals” ရုပ်ရှင်ရိုက်ကွင်းမှာ အမျိုးအမည်မသိ ပေါက်ကွဲစေတတ်တဲ့ ဗုံးတလုံးကို ရှာဖွေ တွေ့ရှိခဲ့ရာကြောင့် ထုတ်လုပ်ရေး လုပ်ငန်းတွေကို ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။ စပိန်နိုင်ငံ၊ ကနေရီကျွန်းမှာ ရိုက်ကူးရေး လုပ်ဆောင်နေတဲ့ အဆိုပါ ရုပ်ရှင်ရဲ့ ဒုတိယအဖွဲ့ခွဲရှိတဲ့ နေရာမှာ အဲ့ဒီဗုံးကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အန်ဂျလီနာဂျိုလီနဲ့ မင်းသား ရစ်ချစ် မက်ဒန်တို့ အပါအဝင် သရုပ်ဆောင်တွေကို နေရာရွှေ့ပြောင်း ပေးခဲ့ရပေမယ့် တကယ်ဗုံးတွေ့ခဲ့တဲ့ နေရာအနီးအဝိုက်မှာ သရုပ်ဆောင်တွေ ရှိမနေခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဘေးကင်းလုံခြုံမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ အဲ့ဒီနေရာကို ရှင်းလင်းစေဖို့အတွက် ရိုက်ကူးရေး ဝန်ထမ်းတွေကိုလည်း ဖယ်ရှားခဲ့ရပါတယ်။ အဲ့ဒါကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ခေတ္တရပ် နားပြီးမှ ပြန်စခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီရိုက်ကွင်းမှာတော့ ရုပ်ရှင်သရုပ်ဆောင်တယောက်ဖြစ်တဲ့ မင်းသား မာဒုံဆော့လည်း ရှိမနေခဲ့ဘူးလို့ ဆိုပါတယ်။
ကျွမ်းကျင်သူတွေက အခင်းဖြစ်ရာနေရာကို ရောက်လာခဲ့ပြီး ဗုံးကို ဖယ်ရှားခဲ့ရပါတယ်။ ဒါပေမယ့် ရိုက်ကူးရေး ပြန်စနိုင်ဖို့ အချိန်တချို့ယူခဲ့ရပါတယ်။ သတင်းတွေရဲ့ အဆိုအရ အဲ့ဒီဗုံးဟာ ဒုတိယကမ္ဘာစစ် လက်ကျန် ဗုံးတလုံး ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ကြောင်း သိရပါတယ်။
အခင်းဖြစ်ရာနေရာမှ တာဝန်ရှိသူတဦးက “ဗုံးဟာ ဆယ်စုနှစ်ပေါင်းများစွာ မထိတို့ဘဲ ထားရှိခံထားရပုံ ရပါတယ်။ ရိုက်ကွင်းမှာရှိတဲ့ လူတိုင်းဟာ ကြောက်ရွံ့နေခဲ့ကြပြီး တကယ်လို့ မတော်တဆဖြစ်ခဲ့ရင် ဘာတွေဖြစ်လာမယ်လို့ မသိနိုင်ပါဘူး”လို့ ဆိုပါတယ်။
The Sun သတင်းစာက “ဗုံးကို ဘယ်အချိန်နဲ့ ဘယ်နေရာမှာတွေ့တယ်ဆိုတာ မသိရတဲ့အပြင် ရိုက်ကူးရေးနေရာမှာ ဘယ်အချိန်တုန်းကတည်းကရှိခဲ့တယ်ဆိုတာလည်း မသိရပါဘူး။ ဒါပေမယ့် ရိုက်ကူးရေး လုပ်နေတဲ့ ကျွန်းကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမနီစစ်တပ်က စစ်အခြေစိုက်စခန်း အဖြစ် အသုံးပြုခဲ့ဖူးပါတယ်”လို့ ဖော်ပြထားပါတယ်။
“The Eternals” ရုပ်ရှင်ဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မျိုးရိုးဗီဇ စမ်းသပ်မှုကြောင့် ပေါက်ဖွားလာကြတဲ့ Eternal လို့ခေါ်တဲ့ စူပါလူသားတွေရဲ့ ပြိုင်ပွဲတခုအကြောင်း အခြေတည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကိုရီးယား မင်းသား မာဒုံဆော့ကတော့ Thor နဲ့ ဟာကျူလီတို့ကို ယှဉ်နိုင်တဲ့ စူပါစွမ်းအားရှင် Gilgamesh ဇာတ်ရုပ်ကနေ ပါဝင်မှာဖြစ်ပါတယ်။
‘The Eternals’ ရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ ရုံတင်မှာ ဖြစ်ပါတယ်။
Ref:soompi
You may also like these stories:
Marvel စူပါဟီးရိုးရုပ်ရှင်မှာ သရုပ်ဆောင်ရန် အန်ဂျလီနာဂျိုလီ ဆွေးနွေးနေ
နောက်ထပ် ကလေးတယောက် မွေးစားဖို့ ပြင်နေတဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ
တနှစ်ကို ပျမ်းမျှရုပ်ရှင်ကား ၃ ကားကနေ ၄ ကားအထိ ထုတ်လုပ်ဖို့ရှိနေတဲ့ Marvel