မင်းသား Tom Cruise ရဲ့ စတန့်ပြကွက် လျှို့ဝှက်ချက်တွေကို ပြောပြခဲ့တဲ့ Matt Damon
မင်းသား Matt Damon ဟာ သူငယ်ချင်းဖြစ်သူ မင်းသား Tom Cruise ရဲ့ စတန့်ပြကွက် လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်လို့ မကြာသေးခင်က ထုတ်လွှင်ခဲ့တဲ့ အစီအစဉ်တခုမှာ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ မင်းသား Cruise ဟာ စတန့်ပြကွက်တွေ လုပ်ဆောင်ခါနီး အချိန်တခုမှာ အန္တရာယ်ရှိတယ်လို့ ပြောခဲ့တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကျွမ်းကျင်သူကို အခြားတယောက်နဲ့ အစားထိုးခဲ့တာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
“The Bourne Supremacy” စတား မင်းသား Damon ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတန့်ပြကွက်နဲ့ပတ်သက်တဲ့ အကြံဉာဏ်ကို မင်းသား Cruise ဆီကနေ တောင်းခံခဲ့ပြီး မင်းသား “Mission: Impossible” က ညစာစားပွဲတခုမှာ သူ့ကို တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်။
မင်းသား Damon က “CONAN” အစီအစဉ်မှူး Conan O’Brien ထံကနေ စတန့်ပြကွက်တွေနဲ့ ပတ်သက်လို့ မင်းသား Cruise နဲ့ပတ်သက်တဲ့ ဆက်နွယ်မှုအကြောင်း မေးမြန်းခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသား Cruise ရဲ့ “Mission: Impossible Ghost Protocol” ရုပ်ရှင်မှာ မိုးမျှော်တိုက်ပေါ်ကနေ ပြေးဆင်းခဲ့တဲ့ ပြကွက်အကြောင်းနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မင်းသား Damon က “ကျနော် သူ့ကို သွားပြီး မေးတယ်။ ကျနော်က ‘ငါက အမြင့်ကြောက်တော့ အဲ့ဒီအကြောင်း ပြောပြပါဦး။ မင်း အဲ့ဒါကို ဘယ်လို လုပ်လိုက်တာလဲ’လို့ မေးလိုက်တယ်။ သူက ‘မင်းလည်း သိပါတယ်။ ငါက ဒီပြကွက်ကို ရိုက်ချင်နေတာ ၁၅ နှစ်လောက် ရှိပြီ။ နောက်ဆုံးတော့ ငါ့မှာ လုပ်ဖို့ အခွင့်အရေး ရပြီ။ ဒါကြောင့် ဘေးကင်းလုံခြုံရေး ကျွမ်းကျင်သူဆီ ငါသွားခဲ့တယ်။
သူကဘာပြောလဲဆိုတော့ မင်းအဲ့ဒါကို မလုပ်ရဘူး။ အရမ်း အန္တရာယ်များတယ်တဲ့။ ဒါကြောင့် နောက်ထပ် ဘေးကင်းလုံခြုံရေး ကျွမ်းကျင်သူကို ငှားခဲ့တယ်လို့ ပြောခဲ့တယ်”လို့ ဆိုပါတယ်။
မင်းသား Damon က “ကျနော်က သူ့ကို ကြည့်လိုက်ပြီးတော့ ငါကတော့ လက်ဖျားခါတယ်။ မင်းနိုင်ပါတယ်။ မင်းသာ အကောင်းဆုံးပါလို့ ပြောလိုက်တယ်။ ကျနော့်ရဲ့ တုံ့ပြန်ချက်က ငါတို့ ဒီပြကွက်က တကယ့်ကိုပဲ အမိုက်စား ဖြစ်နေပေမယ့် မရိုက်နိုင်ဘူးဆိုရင် တော်တော်လေး ဆိုးတာပဲဆိုပြီး လုပ်မှာ။ သူကတော့ မဟုတ်ဘူး နောက်ထပ် ဘေးကင်းလုံခြုံရေး ကျွမ်းကျင်သူကို ရှာလိုက်တယ်လေ”လို့ ဆိုပါတယ်။
မင်းသား Cruise ဟာ သူ့ရဲ့ နာမည်ကျော်ကြားတဲ့ Mission Impossible ရုပ်ရှင်တချို့မှာ ပါဝင်တဲ့ စတန့်ပြကွက်တွေကို လုပ်ဆောင်တဲ့အခါ လူစား မထိုးဘဲ ကိုယ်တိုင် သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို လက်ခံရရှိခဲ့ပါတယ်။
မင်းသား လုပ်ဆောင်ပြသခဲ့တဲ့ စတန့်ပြကွက်တွေဟာ အသက်အန္တရာယ်နဲ့ နီးစပ်တာကြောင့် ရိုက်ကွင်းမှာ ရှိနေတဲ့ ဘေးကင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက် ထူးခြားဆန်းပြားမှုတွေကို ပြသချင်ခဲ့တဲ့ မင်းသား Cruise က သူ့ကို တားမြစ်တဲ့ ကျွမ်းကျင်သူတွေကို အစားထိုး ခန့်ထားခဲ့ပြီး စတန့်ပြကွက်တွေကို သူကိုယ်တိုင် လုပ်ဆောင် ပြသခဲ့တာ ဖြစ်ပါတယ်။
Ref: aceshowbiz