နာမည်ကြီး ဖြစ်ရပ်မှန် ဝတ္ထုတပုဒ်ဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်”ကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ပုံဖော်ခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်က ဝတ္ထုကိုကြိုက်လို့ ရိုက်လိုက်တာအပြင် ရှည်ရှည်ဝေးဝေး မစဉ်းတတ်ဘူးလို့ ပြောပါတယ်။
“ကျနော်က ဝတ္ထုကို ကြိုက်တယ်၊ ရိုက်လိုက်တယ်။ သိပ်ရှည်ရှည်ဝေးဝေးကြီးတော့ မစဉ်းစားတတ်ဘူး။ ကိုယ်က အနုပညာလည်း သိပ်ပြီး မသိဘူးလေ။ သိသလောက် တတ်သလောက်လေးနဲ့ လုပ်စားနေရတာဆိုတော့ အများကြီးပြောရင် မှားပြီး အဆဲခံရဦးမယ်။ ကျနော်ကြိုက်လို့ ရိုက်လိုက်တယ်ပေါ့”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။
ဒီကားကိုတော့ သိသလောက် တတ်သလောက် ရှိတဲ့ အနုပညာဝမ်းစားနဲ့ ရိုက်ခဲ့တာဖြစ်ပြီး ဝတ္ထုအရသာမပျက်ဘဲ ခံစားရမယ်လို့ ထင်တယ်လို့ ပြောပါတယ်။
“ကျနော် သိသလောက် တတ်သလောက်၊ ရှိသလောက် ဝမ်းစာနဲ့ ဒီကားလေးကို ရိုက်ထားတယ်။ ဝတ္ထုကလည်း ကောင်းပြီးသား မင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်ချစ်တဲ့ မင်းသား၊ မင်းသမီးတွေ၊ ဈေးကွက်ဝင်တဲ့သူတွေလည်း ဖြစ်တယ်။ အိုက်တင်တွေကလည်း ပြောစရာ မလိုဘူး။ ကျနော် မရိုက်လည်း ဒီဝတ္ထုကကောင်းပြီးသား ဖြစ်နေလိမ့်မယ် ထင်ပါတယ်။ ပရိသတ် လာကြည့်ရင်လည်း ဝတ္ထုထဲက အရသာ မပျက်ဘဲနဲ့ ခံစားရမယ်လို့ ထင်ပါတယ်”လို့ ကိုပေါက်က ပြောပါတယ်။
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ဝတ္ထုကို ရေးသားခဲ့တဲ့ အမျိုးသားစာပေဆုရ စာရေးဆရာ၊ ကျောင်းဆရာ ဦးတင်ညွှန့်ကတော့ ဝတ္ထုကို ရောင်းခဲ့စဉ်က ယုံကြည်စွာရောင်းချခဲ့ပြီး Facebook ပေါ်မှာ တွေ့မှ ကိုပေါက် ပြန်ရိုက်မှာကိုသိကာ မျက်လုံးပြူးခဲ့ရတယ်လို့ ဆိုပါတယ်။
“ဆရာကတော့ ရှင်းတယ်။ ဝတ္ထုရောင်းလိုက်ကတည်းက ဆရာက ယုံကြည်စွာနဲ့ ရောင်းလိုက်တာပေါ့။ ကျနော့် ကားတွေလည်း သူက ကြည့်ဖူးတာ မဟုတ်ဘူး။ အိမ်ပြန်ရောက်သွားမှ ဝတ္ထုကို Facebook ပေါ်တင်လိုက်တော့မြင်ပြီး မျက်လုံးတွေ ဘာတွေ ပြူးသွားတာပေါ့နော်။
Facebook ပေါ်မှာ ဒီဝတ္ထုတော့ ပေါဒါရိုက်တာ ရိုက်တော့မယ်ပဲ ဝတ္ထုတော့ နှမြောပါတယ်ဆိုပြီး ပြောတော့မှ ဆရာက မျက်လုံးတွေ ဘာတွေ ပြူးသွားတယ်။ ဟုတ်ပါတယ်။ ကိုယ်ကလည်း ပေါကားတွေ ရိုက်ခဲ့တဲ့ ပေါဒါရိုက်တာ ဖြစ်နေတော့ ဝတ္ထု ဖတ်ဖူးတဲ့သူရော၊ မဖတ်ဖူးတဲ့သူရော ဝတ္ထုအရသာ မပျက်လောက်ဘူးလို့ ထင်တာပဲ။ ကြိုးစားထားပါတယ်”လို့ ကိုပေါက်က ပြောပါတယ်။
ဝတ္ထုနဲ့ ရုပ်ရှင်ကတော့ တူမှာ မဟုတ်ဘဲ နည်းနည်းတော့ ကွဲမှာဖြစ်ပြီး ဒီထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်များကလည်း ဈေးကွက်ဝင်တဲ့ မင်းသား၊ မင်းသမီးများနဲ့ ရိုက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
“ဝတ္ထုနဲ့ ရုပ်ရှင်ကတော့ တူမှာ မဟုတ်ဘူး။ နည်းနည်းတော့ ကွဲမှာပေါ့။ သရုပ်ဆောင်ရွေးချယ်မှု အပိုင်းကတော့ ဈေးကွက်ဝင်တဲ့ မင်းသားနဲ့ ရိုက်ရတာပေါ့။ ခေတ်က။ အဲ့တော့ ဈေးကွက်ဝင်တဲ့ မင်းသား၊ မင်းသမီးတွေ ရှာပြီးတော့ ဇာတ်နဲ့လည်း လိုက်မယ်ထင်တဲ့ မင်းသား၊ မင်းသမီးတွေ ရွေးလိုက်တာပေါ့”လို့ ကိုပေါက်က ပြောပါတယ်။
ဒီရုပ်ရှင်ကို ဝတ္ထုထဲက တကယ် ဖြစ်ခဲ့တဲ့ ရွာမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး ဇာတ်ကောင်တခုဖြစ်တဲ့ ကိုတိုးနဲ့ တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဒီထဲမှာပါတဲ့ ဇာတ်ကောင်တွေနဲ့တော့ ညှိနှိုင်းစရာ မလိုပါဘူး။ အကုန်လုံးက ဆရာ့ တပည့်တွေပဲ ဆိုတော့ သူတို့တွေကို ကျနော် မြင်အောင် ကြည့်တယ်။ ပြီးတော့ ဝတ္ထုထဲကအတိုင်း အနီးစပ်ဆုံးဖြစ်အောင် ရိုက်တယ်ပေါ့။ ကိုတိုးတယောက်ပဲ သူက မူးမယ်၊ အရက်သောက်မယ်။ ကွမ်းစားမယ်၊ ဖိုက်တာလုပ်မယ် ဆိုတော့ သူ အရက်သောက်တဲ့အခန်း ကွမ်းစားတဲ့ အခန်းတွေ မပါရင်တော့ ပြဿနာရှာမယ် ဆိုပြီးတော့ ကြိမ်းတာပေါ့။ ကိုတိုးနဲ့လည်း ရင်းနှီးပါတယ်”လို့ ကိုပေါက်က ပြောပါတယ်။
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်မှာတော့ သရုပ်ဆောင်များအနေနဲ့ မြင့်မြတ်၊ ခင်လှိုင်၊ ထူးအောင်၊ ကောင်းမြတ်စံ၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ မေမြင့်မိုရ်တို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီး သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။
You may also like these stories:
“စစ်ကား”ရုပ်ရှင်ကို ဟာသနဲ့ စွန့်စားခန်းပုံစံ ရိုက်ကူးမယ့် ဒါရိုက်တာ ကိုပေါက်
ကျောင်းဆရာ ကိုတိုး ကာရိုက်တာဖြစ်အောင် သေချာ ကြိုးစားခဲ့တဲ့ အိန္ဒြာကျော်ဇင်
မော်ဒယ် Sinon Loresca နဲ့ မြန်မာနိုင်ငံက အလှဆုံးနေရာတွေကို ရိုက်ပြသွားမယ့် ကိုပေါက်
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်မှာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို ချီးကျူးလိုက်တဲ့ မေတိုးခိုင်