ထူးအောင်လို့ ပြောလိုက်တာနဲ့ 6 packs များနဲ့ ခန္ဓာကိုယ် အမိုက်စားကို မြင်ကြမှာဖြစ်ပြီး ဒီခန္ဓာကိုယ်ကိုတော့ သေးသေးသွယ်သွယ်ဖြစ်အောင် ပြန်ကစားနေတယ်လို့ ထူးအောင်က ပြောပါတယ်။
“ကျနော် မလုပ်ဖူးတဲ့ ကာရိုက်တာတွေ လုပ်ကြည့်ဖူးချင်တယ်။ အခုဆိုရင် ခန္ဓာကိုယ်ကအစ ပိုပြီးပြောင်းလဲနေတယ်။ ခန္ဓာကိုယ်က သေးသေးသွယ်သွယ် ပုံစံဖြစ်အောင် ပြန်လုပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒါရိုက်တာ အများစုနဲ့ ပရိုဂျူဆာ အများစုက ကျနော့်ကို ကာရိုက်တာ တခုတည်းနဲ့ မြင်နေမှာစိုးလို့ ပြန်ပြီးပြောင်းလဲဖို့ လုပ်နေပါတယ်။ ပိန်တယ်ဆိုတာက အရမ်းပိန်ပိန်လေး မဟုတ်ဘူး။ သွယ်သွယ်လေး၊ ဒါပေမယ့် အင်္ကျီ ချွတ်လိုက်ရင်တော့ 6 Packs တွေနဲ့”လို့ ထူးအောင်က ပြောပါတယ်။
သူ့ကိုတော့ ဒါရိုက်တာများ ၊ ပရိုဂျူဆာများက ကာရိုက်တာတခုတည်းအတွက် မြင်နေမှာစိုးတာကြောင့် ပြောင်းလဲဖို့ လုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။
ပရိသတ်များအနေနဲ့လည်း လူဆိုးကာရိုက်တာကို သိပ်မကြည့်ချင်ကြတော့ဘဲ လူကောင်း ကာရိုက်တာကိုပဲ ကြည့်ချင်ကြတယ်လို့ ပြောကြတာတွေ ရှိပြီး သူ့အနေနဲ့ကတော့ သရုပ်ဆောင်တယောက်ဖြစ်တာကြောင့် ငြင်းလို့မရဘူးလို့ ဆိုပါတယ်။
“ပရိသတ်တွေက အခုနောက်ပိုင်းမှာ လူဆိုး ကာရိုက်တာကို သိပ်မကြည့်ချင်ဘူး။ လူကောင်း ကာရိုက်တာကိုကြည့်ချင်ကြတယ်။ အရှေ့မှာရိုက်တဲ့ ကားတွေဆိုရင် Gangster ပုံစံတွေ MRTV-4 ဇာတ်လမ်းတွဲတွေမှာဆိုရင်လည်း လူဆိုးလို့ပြောလို့ရတဲ့ ကာရိုက်တာကို သရုပ်ဆောင်တာဆိုတော့ ကျနော်ကလည်း ကိုယ့်ကိုပေးတဲ့ ကာရိုက်တာ တခုကို တာဝန်ကျေချင်တယ်။ အကောင်းဆုံး ကြိုးစားတယ်။ ကာရိုက်တာ ပီပြင်သွားတဲ့အခါမှာ လူမုန်းစရာကြီး ဖြစ်သွားတာပေါ့။ တချို့သူတွေကျတော့ မကြိုက်ဘူးပေါ့။ ဒါပေမယ့် သရုပ်ဆောင်ဆိုတော့လည်း ငြင်းလို့ မရဘူးပေါ့”လို့ ထူးအောင်က ပြောပါတယ်။
လတ်တလောမှာတော့ ထူးအောင် ပါဝင်သရုပ်ဆောင်ထားတဲ့ “အကြင်နာမြစ်ဖျား” ဆိုတဲ့ ဇာတ်လမ်းတွဲထုတ်လွှင့်ပြသနေပြီး အဆိုပါ ဇာတ်လမ်းတွဲ ရိုက်ပြီး ရိုမန့်စ်ကား ရိုက်ချင်သွားတဲ့အတွက် ၂၀၂၀ ထဲမှာ ရိုမန့်စ်ကားများ ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
“အချစ်ကားကတော့ ၂၀၂၀ ထဲမှာ ရိုက်ပါမယ်။ ကျနော့် ရိုမန့်စ် ကားကတော့ လောလောဆယ် တီဗီမှာလွှင့်နေတယ်။ အဲ့ကားပြီးတော့ ကျနော် ရိုမန့်စ်ကား ရိုက်ချင်သွားတာ။ ၂၀၂၀ ထဲမှာ ရိုမန့်စ်ကားတွေ အများကြီးရိုက်ဖို့ ရှိတယ်။ လူဆိုးတွေ ခဏရှောင်ပြီး ရိုတော့မယ်”လို့ ထူးအောင်က ပြောပါတယ်။
သရုပ်ဆောင်ဘက်မှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် အပြင်က ထူးအောင်ကတော့ အများကြီးချစ်တတ်ပြီး ရိုတယ်လို့ ပြောပါတယ်။ “သရုပ်ဆောင်ဘက်မှာဆိုရင်တော့ လိုအပ်ချက်လေးတွေတော့ရှိသေးတာပေါ့။ အပြင် ထူးအောင်ဆိုရင်တော့ အများကြီး ရိုတယ်။ အပြင် ထူးအောင်က အများကြီး ချစ်တတ်တယ်”လို့ သူက ပြောပါတယ်။
ယခုနှစ်အတွင်းမှာတော့ ထူးအောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ၃ ၊ ၄ ကားခန့် ရုံတင်ပြသခဲ့ပြီး ယခုရက်ပိုင်းမှာတော့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” နဲ့ မကြာခင်မှာလည်း ဒါရိုက်တာ ကျော်သူ ရိုက်ကူးထားတဲ့ “၁၀၁၄” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရုံတင်တော့မှာ ဖြစ်ပါတယ်။