မကြာသေးခင် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးကနေ ဦးဇင်ဝိုင်း နုတ်ထွက်သွားပြီးနောက် ဒါရိုက်တာ ညီညီထွန်းလွင်ကို ဥက္ကဋ္ဌ ရာထူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးဖို့ အားလုံးက မေတ္တာရပ်ခံခဲ့တာကြောင့် လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဦးဇင်ဝိုင်းက သောကြာနေ့က နုတ်ထွက်စာ တင်တာပေါ့။ အကြောင်းကြောင်းကြောင့် ဆက်လက် တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်တော့လို့ပေါ့။ သူက စိတ်ရောကိုယ်ပါ လုပ်တတ်တယ်။ သူက စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်ပဲ။ ကျနော်တို့က အလုပ်ပြန်ရင် အလုပ်ကို အလုပ်မှာပဲ ထားခဲ့တာ။ သူက စိတ်ရော ကိုယ်ပါလုပ်တော့ ဖိစီးမှု များတယ်။ ဥက္ကဋ္ဌ ထွက်သွားတော့ နောက်ထပ် ဒုဥက္ကဋ္ဌတွေက အသက်ကြီးတော့ မလုပ်နိုင်လို့။ ကျနော်က အတွင်းရေးမှူး လုပ်နေတော့ ကျနော့်ကိုလည်း အကုန်လုံးက မေတ္တာရပ်ခံလို့ ကျနော်က လုပ်လိုက်တာပေါ့”
“ကျနော့် အနေနဲ့ကတော့ ကျနော်က အေးအေးနေတတ်တော့ ကြီးလေးတဲ့ တာဝန်တွေ မယူချင်ဘူး။ ရုပ်ရှင် မရိုက်တော့ အနားယူချိန်မှာ ရုပ်ရှင်နဲ့ ထမင်းစားလာတာဖြစ်တဲ့အတွက် ပြန်ပြီး ကူညီတဲ့အနေနဲ့ ဦးဇင်ဝိုင်းကို အကူအညီပေးတဲ့ အနေနဲ့ ဝင်လုပ်ပေးတာ။ ကျနော်က ၁ နှစ်နီးပါး သက်တမ်းတော့ ကျန်သေးတယ်။ ၁ နှစ် ပြည့်ရင်တော့ ရွေးကောက်ပွဲလုပ်ပြီး နောက်လူတွေကို လွှဲပေးမှာပါ”လို့ လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ် ဦးညီညီထွန်းလွင်က ပြောပါတယ်။
ဦးညီညီထွန်းလွင် အနေနဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်နေချိန်မှာ စည်းကမ်းတွေ ပြောင်းလဲသွားဖို့ မရှိဘူးလို့ဆိုပြီး ရုပ်ရှင်ဥပဒေတွေတော့ ပြင်နိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ဦးဇင်ဝိုင်း ထွက်သွားပြီးနောက်မှာ ကျနော် တာဝန်ယူရမှာက အကယ်ဒမီနဲ့ ရုပ်ရှင် နှစ် ၁၀၀ ပြည့် ပွဲပေါ့။ ဒါကတော့ တာဝန်ကြီးတယ်။ ကျနော်တို့ နှစ် ၁၀၀ ပြည့်အတွက် ကော်မတီတွေလည်း ဖွဲ့နေပြီ။ အရင်ကတည်းကလည်း ကျနော်တို့ ဦးဇင်ဝိုင်းတို့က ပါနေတော့ အခုလည်း ကျနော်တို့ ဦးဇင်ဝိုင်းတို့က ပါဝင် လုပ်ဆောင်ကြဦးမှာပါ။ ဒီနှစ် အကယ်ဒမီက ၉၆ ကား ရှိတယ်။
အကဲဖြတ်မယ့်သူတွေကို ရွေးပြီးသွားပြီ။ ပြီးခဲ့နှစ်ထက် အချိန်ပိုပေးရမယ်။ အကယ်ဒမီကားတွေကို စကြည့်ဖို့တော့ လုပ်နေပြီ။ အကဲဖြတ်ဖို့ သရုပ်ဆောင်ပိုင်းဆိုရင်လည်း လွင်မိုး၊ ရန်အောင်၊ မေသန်းနုတို့ပေါ့။ သူတို့တွေက အလုပ်တွေနဲ့ အခက်အခဲဖြစ်ရင် ညဘက်ကြည့်ဖို့ပါ လုပ်ထားတယ်။ မနှစ်က အကယ်ဒမီဆိုလည်း တော်တော်ပြောခံရတော့ ဦးဇင်ဝိုင်းနဲ့တော့ မဆိုင်ပါဘူး။ အကဲဖြတ်ကဆုံးဖြတ်တာ”လို့ ဦးညီညီထွန်းလွင်က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ် ဦးညီညီထွန်းလွင်က အကယ်ဒမီပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ဆိုပါတယ်။
“ဒီနှစ် အကယ်ဒမီပွဲနဲ့ ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေလည်း ဦးဇင်ဝိုင်းပဲ ပြင်ပေးသွားတယ်။ သူ့တုန်းကကြုံတွေ့ရတာတွေနဲ့ အားနည်းချက်တွေကို ကြည့်ပြီး စည်းမျဉ်းတွေ ပြင်ပေးခဲ့တယ်။ ကျနော် ဥက္ကဋ္ဌ လုပ်ချိန်မှာ စည်းကမ်းတွေလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေလည်း ညှိလို့ရရင်လည်း ညှိပြီး လုပ်ကိုင်သွားမှာပါ။ အခုက ရုပ်ရှင်သမားတွေက ဒုက္ခ ရောက်နေကြတယ်။ အထူးသဖြင့် ဇာတ်ပို့၊ ဇာတ်ရံ အလွှာတွေ၊ စက်အဖွဲ့တွေ အဆင်မပြေကြဘူး။ အမှုဆောင်တွေနဲ့ ညှိနှိုင်းထားတာရှိတယ်။ ရုပ်ရှင်ဥပဒေတွေတော့ ပြင်နိုင်အောင် ကြိုးစားသွားမယ်”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ကျန်းမာရေးကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်ကတော့ အခုလက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ ဥက္ကဋ္ဌ တယောက်အဖြစ် ၁၁ လ တာဝန် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
You may also like these stories:
မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှာ အလုပ်အမှုဆောင်အဖြစ် တာဝန်ယူထားတဲ့ K ညီ
“မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်နဲ့ ပတ်သက်ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်ဖို့ရှိတယ်”
“အစည်းအရုံးဝင် သားသမီးတွေထဲ ဒီနှစ် ဂုဏ်ထူးရတဲ့သူ နည်းသွားတယ်”လို့ ဦးအေးကြူလေး ပြော