ကွယ်လွန်သူ နာမည်ကျော် ဟောလိဝုဒ်မင်းသား James Dean ဟာ ဗီယက်နမ် စစ်ပွဲနောက်ခံ ရုပ်ရှင်တကားမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
“Rebel Without a Cause” ရုပ်ရှင်စတား မင်းသား James ဟာ ၁၉၅၅ ခုနှစ်မှာ နာမည်တက်ခါစ မင်းသား တယောက်ဖြစ်ခဲ့ပြီး ကားမတော်တဆမှုနဲ့ အသက် ၂၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ခေတ်မီနည်းပညာ CGI ရဲ့ အကူအညီနဲ့ “Finding Jack” ဆိုတဲ့ ရုပ်ရှင်အတွက် မင်းသား James ကို သေရွာကနေ အသက်ပြန်သွင်းဖို့ Magic City Films ရုပ်ရှင်ထုတ်လုပ်ရေးက ပြင်ဆင်နေပြီဖြစ်ပါတယ်။
ဗီယက်နမ်စစ်ပွဲအဆုံးမှာ ထောင်နဲ့ချီတဲ့ စစ်ခွေးတပ်ဖွဲ့ဝင်တွေကို စွန့်ပစ်ခဲ့တဲ့ အကြောင်း ရေးသားထားတဲ့ Gareth Crocker ရဲ့ ဝတ္တုကိုအခြေခံမယ့် အက်ရှင်ဒရာမာ ရုပ်ရှင်အတွက် မင်းသားရဲ့ ပုံရိပ်ကို အသုံးပြုခွင့်ကို ဒါရိုက်တာတွေဖြစ်တဲ့ Anton Ernst နဲ့ Tati Golykh တို့ကို မင်းသား James ရဲ့ မိသားစုက ပေးထားပြီး ဖြစ်ပါတယ်။
ဒါရိုက်တာ Ernst က “သူ့ရဲ့မိသားစုက ကျနော်တို့ကို ထောက်ခံလိုက်တာကို အရမ်းဂုဏ်ယူမိပြီး ခေတ်မီတဲ့ နောက်ဆုံး ထူးခြားတဲ့ ရုပ်ရှင်စတားတယောက် အနေနဲ့ သူ့ရဲ့ အမွေအနှစ်ကို ဖော်ပြနိုင်ဖို့ ကြိုတင်သတိပြုစရာတွေကို သတိထားသွားမှာ ဖြစ်ပါတယ်။ မိသားစုကတော့ ဒါကို သူ မရိုက်လိုက်ရတဲ့ စတုတ္ထမြောက် ရုပ်ရှင်အနေနဲ့ ရှုမြင်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကို စိတ်မကောင်းဖြစ်စေဖို့ မရည်ရွယ်ပါဘူး”လို့ ပြောပါတယ်။
အရင်တုန်းက ရှိခဲ့တဲ့ ဗီဒီယိုဖိုင်အဟောင်းတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုပြီး ပိတ်ကားထက်မှာ မင်းသား James ရဲ့ပုံသဏ္ဍာန်ကို အထူးပြုလုပ်ချက်တွေကို ဖော်ပြပေးနိုင်လိမ့်မယ်လို့ ယုံကြည်ရပြီး Rogan လို့ခေါ်တဲ့ သူ့ရဲ့ ဇာတ်ကောင်အတွက် အသံသရုပ်ဆောင်ဖို့ တခြား သရုပ်ဆောင် တယောက်ကို ငှားရမ်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။
မင်းသား James ဟာ သူမကွယ်လွန်ခင် “East of Eden”, “Rebel Without a Cause” နဲ့ “Giant” ရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
Ref: aceshowbiz