ဝါရင့် ဇာတ်ပို့သရုပ်ဆောင် တဦးဖြစ်တဲ့ သရုပ်ဆောင် ဇော်ဝင်းနိုင်ကတော့ ဇာတ်ကားတိုင်းကို ကြိုးစားနေပြီး အကယ်ဒမီဆိုတာ သူနဲ့ မဆိုင်သလိုပါပဲလို့ ပြောပါတယ်။
“ကားတိုင်းလည်း ကြိုးစားတာပါပဲ။ အကယ်ဒမီကတော့ ကျနော်တို့နဲ့က သိပ်မဆိုင်သလိုပဲလေ။ ကျန်တဲ့သူက ဆိုင်ရင်ဆိုင်မယ်။ ကျနော့်အတွက်ပါ။ ဒါကိုခေါင်းထဲမှာ မရှိပါဘူး။ ရစေချင်လို့ ပြောကြတာကိုတော့ ကျေးဇူးတင်ပါတယ်” လို့ ဇော်ဝင်းနိုင်က ပြောပါတယ်။
အခုခေတ်မှာတော့ ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားတာတောင် အဆဲခံရတဲ့ခေတ်ဖြစ်တဲ့အတွက် ဘယ်လောက်တော်တယ် တတ်တယ်ဆိုတာကို ပြောလိုက်မိရင် ဝိုင်းဆဲကြမှာဖြစ်တယ်လို့ ပြောပါတယ်။
“ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားတာတောင် အဆဲခံရတယ်။ ဒီခေတ်က ကျုပ်ဘယ်လောက် တော်တယ်မှတ်လဲ၊ ကျုပ်သရုပ်ဆောင်လိုက်တာ ကျန်တဲ့သူတွေ သေရောဆိုရင် ဝိုင်းဆဲကြမှာ။ ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားတာတောင် အဆဲခံရတဲ့ခေတ်ဆိုတော့ ဒီလိုပဲပြောတတ်ပါတယ်” လို့ ဇော်ဝင်းနိုင်က ပြောပါတယ်။
ဇော်ဝင်းနိုင်ကတော့ အနုပညာသက်တမ်းအရ သက်တမ်းတခုထိ ရောက်လာခဲ့ပြီဆိုပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ မူကြိုလောက်ပဲရှိသေးတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အနေအထားကတော့ ကိုယ်နိုင်သလောက်၊ တတ်သလောက် ကြိုးစားထားတဲ့သူတွေပါပဲ။ အားရသလား ဆိုတော့ အားမရဘူး။ ဘယ်ကားမှ အားမရဘူး။ ကိုယ့်အတွက် လိုသေးတယ်ပေါ့။ ကျနော့်ရဲ့လုပ်သက်အရ ဒီနေ့အထိ ဆိုရင် ကိုယ့်ရဲ့စိတ်ထဲမှာ အနုပညာက မူကြိုလောက်ပဲ ရှိသေးတယ်။ လုံးဝကို အားမရသေးပါဘူး။ ကြိုးစားရဦးမှာပါ” လို့ ဇော်ဝင်းနိုင်က ပြောပါတယ်။
ရုံတင်ပြသတော့မှာဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ကားထဲမှာ အရက် အမြဲသောက်နေတတ်တဲ့ ကျောင်းဆရာ တယောက်နေရာက သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ကာရိုက်တာကတော့ ကျောင်းဆရာ ကျောင်းအိုကြီးရဲ့ ပထမဦးဆုံးရောက်လာတဲ့ ကျောင်းဆရာ ငမူး၊ အမြဲတမ်း မူးနေတယ်။ ကျောင်းအပေါ်မှာ တာဝန် မကျေခဲ့ဘူး။ ဒါကြောင့်မို့ သူတာဝန် မကျေခဲ့တာလည်း ခံစားမှုရှိတယ်။ အဲ့ခံစားမှုကို သိချင်ရင်တော့ ဇာတ်ကားလာကြည့်ပါလို့ ပြောချင်တယ်” လို့ ဇော်ဝင်းနိုင်က ပြောပါတယ်။
အနုပညာကိုဖန်တီးတဲ့နေရာမှာ အခက်အခဲဆိုတာ အများကြီးရှိပြီး ဘယ်အရာမှ မလွယ်ကူဘူးလို့လည်း သူက ဆိုပါသေးတယ်။
“အခက်အခဲတွေကတော့ အများကြီးရှိတယ်။ ဘယ်အရာမှ လွယ်တဲ့အရာ မဟုတ်ဘူးလေ။ လွယ်လွယ်နဲ့ စံပယ်ပွင့်ရင် ခေါင်းတိုင်း ဖွေးသွားမှာပေါ့။ ဘယ်အရာမှ မလွယ်ဘူး။ မွေးခါစ ကလေးတောင် သူ့လက်နဲ့ ရေမသောက်တတ်တော့ ပါးစပ်ကို လက်ကလေးနဲ့ တို့ပေးရတယ်။ ကျနော်တို့က အနုပညာကြီးတခုကို အသက်သွင်းတာဆိုတော့ အင်မတန် ခက်ပါတယ်” လို့ ဇော်ဝင်းနိုင်က ပြောပါတယ်။
ဝါရင့် ဇာတ်ပို့သရုပ်ဆောင် ဇော်ဝင်းနိုင်ကတော့ သူ့ရဲ့အနုပညာ သက်တမ်းတလျှောက် ဇာတ်ကားများစွာထဲမှ “ဘိသိက်ပြိုင်” ဆိုတဲ့ ဇာတ်ကားကတော့ ပရိသတ်များ သဘောကျ နှစ်သက်ခဲ့ရပြီး ရသတမျိုးပေးခဲ့တဲ့ ဇာတ်ကားကောင်းတကား ဖြစ်ခဲ့ပါတယ်။