အချိန်အတိုင်းအတာ တခုထိ ကြာမြင့်လာပြီ ဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်နဲ့ သင်းသင်းတို့ရဲ့အမှုကတော့ အခုဆိုရင် သက်သေခံများ တင်သွင်းတဲ့အဆင့်ပဲ ရှိသေးပြီး စစ်ဆေးရတဲ့ အဆင့်ထိ မရောက်သေးဘူးလို့ ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ရုံးချိန်းမှာ ဝေဠုကျော်က ပြောပါတယ်။
“ဒီနေ့က ဘာမှ မထူးဘူးလေ။ ရုံးချိန်း ထပ်ယူတာပဲ ရှိတယ်။ စစ်တဲ့အဆင့်ကို မရောက်သေးတာ။ သက်သေတင်သွင်းတုန်းပဲ ရှိသေးတယ်” လို့ ဝေဠုကျော်က ပြောပါတယ်။
အခုလို ရုံးချိန်းများ ကြာမြင့်နေတဲ့အပေါ်မှာလည်း တရားလိုဖြစ်သူ သင်းသင်းက “တရားရုံးကလည်း အမှန်တရား တခုအတိုင်း သွားတယ်။ ကြာတယ်၊ မကြာဘူးကတော့ တရားရုံးမှာ အမှုရင်ဆိုင်ကြရင် ကျမ အမှုမှ မဟုတ်ဘူး။ ကြာတယ်တော့လည်း မဟုတ်ပါဘူး။ အမှုအတိုင်းပဲ သွားနေတာ ဆိုတော့လေ” လို့ ပြောပါတယ်။
ဘယ်လို နစ်နာမှုတွေ ဖြစ်ပေါ်လဲဆိုတာကိုလည်း “ဘယ်အလုပ်ပဲဖြစ်စေ ဥပဒေနဲ့ သွားမယ်ဆိုရင် နစ်နာမှုက ယောက်ျားလေးနဲ့ မိန်းကလေးဆိုရင် တခြားအမှုလည်း မဟုတ်ဘူး။ လူမှုရေးအကြောင်းအရာ ဆိုတော့ အဓိက နစ်နာတာ မိန်းကလေးပဲပေါ့။ မိန်းကလေးက ပိုနစ်နာတယ်လို့ ထင်ပါတယ်” လို့ သင်းသင်းက ပြောပါတယ်။
အဆိုပါ ကာမလိမ်လည်မှုကိုတော့ အခုအချိန်မှာ CMP (Case Management Program) လို့ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် နှစ်ဦးသဘောတူ ရုံးချိန်းများကို ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။
“CMP ကျပြီးမှ သူတို့ဘက်က ရုံးချိန်းတွေ ပျက်ခဲ့တယ်။ ကျမဘက်က စောဒက မတက်ခဲ့ဘူးနော်။ ဒီဟာကျပြီးလို့ တရားရုံးကို ၃ ရက် ခွင့်ကြိုတိုင်မယ်ဆိုရင် ဒီနေ့ တရက် ပျက်ပါမယ်ဆိုရင် ၃ ရက် ကြိုတိုင်ရတယ်။ ဒါပေမယ့် ကျမတို့ဘက်က မသိချင်ယောင်ပဲ ဆောင်နေခဲ့တယ်။ ဘာမှ မပြောဘူး” လို့ သင်းသင်းက ပြောပါတယ်။
ဒီလို CMP ပြုလုပ်ပြီးတဲ့အခါမှာတော့ ရုံးချိန်းကို ပျက်ကွက်မည်ဆိုပါက ချိန်းဆိုထားတဲ့ ရက်မတိုင်ခင် ၃ ရက် ကြိုတင် ခွင့်တိုင်ကြားမှာဖြစ်ပေမယ့် စွပ်စွဲခံရသူဘက်မှ မတိုင်ကြားခဲ့ဘူးလို့ ပြောပါတယ်။
“CMP ချပေးလိုက်တယ်ဆိုတာ နှစ်ဦးသဘောတူအရ ချပေးလိုက်တယ်။ CMP လုပ်တဲ့ ၄၊ ၅ လ အပေါ်မှာလည်း သူတို့ဘက်က ၃ ၊ ၄ ချိန်းလောက် ပျက်ထားတယ်။ ဒီလို လုပ်လိုက်ပြီဆိုရင် ခွင့်ယူရင် ၃ ရက် ကြိုတင်ရတယ်။ ဒါကို တဖက်က ရှေ့နေကို ပြောချင်တာပါ။ သူလည်း ရှေ့နေလုပ်နေတာပဲ သိမယ်လို့ ကျမ ထင်တာပဲ” လို့ သင်းသင်းက ပြောပါတယ်။
ဆက်လက်ပြီး သင်းသင်းက “ဒီအမှုနဲ့ ပတ်သက်ပြီး တရားခံတယောက်လို ချုပ်ထားတာ မဟုတ်ဘူးလေ။ အာမခံယူထားတာဆိုတော့ ရုံးချိန်းတိုင်းကိုတော့ နှစ်ဦးသဘောတူ လာနေကြတာပါပဲ”လို့ ပြောပါတယ်။
သရုပ်ဆောင် ဝေဠုကျော်ကို အလှမယ် သင်းသင်းက ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ အမှုမှာတော့ လက်ရှိအချိန်အထိ တရားလိုဘက်မှ တင်သွင်းထားတဲ့ နှစ်ဦးသား ပြောဆိုထားတဲ့ အသံဖိုင်များသာ ဖွင့်လှစ်စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်။
အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။
You may also like these stories:
လတ်တလော ကျန်းမာရေးအခြေအနေကို ပြောပြတဲ့ ဝေဠုကျော်
“ဝေဠုကျော် လာရောက် ညှိနှိုင်းခဲ့တဲ့ သက်သေတွေ အကုန်ရှိတယ်”လို့ သင်းသင်း ပြော
“ငွေသာမက်လို့ ညှိမယ်ဆို ဒီကို ရောက်လာစရာ အကြောင်း မရှိဘူး”လို့ အလှမယ် သင်းသင်း ပြော
“ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး”လို့ ပြောတဲ့ သင်းသင်း