သီချင်းကောင်းတွေ သီဆိုတတ်တဲ့ အဆိုတော် မေခလာက သူ့ရဲ့ အသစ်ထွက်ရှိလာတဲ့ Queen တေးစီးရီးမှာ သီချင်းသစ်တွေအပြင် သီချင်းဟောင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။
“ချစ်ငယ် ဒီခွေလေးကို လုပ်တာ ၆ လ၊ ၇ လလောက်တော့ ကြာတယ်။ ကိုနိုင်ဇော်လည်း အရမ်းတော်ပါတယ်။ ချစ်ငယ်ဒီထဲမှာ တေးရေး အသစ်လေးတွေလည်း ပါတယ်။ သူတို့တွေက တကယ်တော်တယ်။ မင်းရံက ရိုးတယ်။ စောအယ်ဇက သွက်တယ်။ သူတို့နှစ်ယောက်ရဲ့ အရည်အသွေးကိုလည်း သိထားတယ်။ အဲဒါနဲ့ ဒီထဲမှာဆိုဖို့ ချစ်ငယ်ပြောတာနဲ့ သူတို့ ဆိုဖြစ်တာပါ။ ဒီထဲမှာ သီချင်းဟောင်းလေးတွေလည်း ပါတယ်”
“စောအယ်ဇ ရေးတဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် သီချင်းလေးကို နှစ်ယောက်ဆိုရင် ဆန်းသွားတယ်။ အဲ့လို နှစ်ယောက်တည်း ဆိုချင်တာနဲ့ ဆိုဖြစ်တာပေါ့။ လူငယ်တွေရဲ့ သီချင်းကို ပြန်ဆိုတော့ စုန်ရေ ဆန်ရေ လိုပါပဲ။ အရင်တုန်းက လူကြီးတွေ သီချင်းကို ချစ်ငယ်တို့ ဆိုခဲ့ကြတယ်။ အခုနောက်ပိုင်း လူငယ်တွေက ချစ်ငယ်တို့ရဲ့ သီချင်းကို ပြန်ဆိုကြတယ်။ တခါတလေကျတော့လည်း ကိုယ့်သီချင်း ကိုယ်ဆိုရတာထက် သူများသီချင်းဆိုရတာ သိပ်ကောင်းတယ်”လို့ မေခလာက ပြောပါတယ်။
“အသည်းခွဲဘုရင်မ” သီချင်းမှာ ဆင်ဆာထိခံခဲ့ရတဲ့ မေခလာက တိုးတက်ရတော့မယ့် အချိန်မှာ ဆင်ဆာဖြတ်တာ အရမ်းချုပ်ချယ်တယ်လို့ ထင်မိတယ်ကြောင်း ဆိုပါတယ်။
“သီချင်း ၉ ပုဒ် ပါဝင်ပါတယ်။ သီချင်းဟောင်းကတော့ ၃ ပုဒ်လောက် ပါတယ်။ ကျန်တာ သီချင်းသစ်တွေပဲ။ ဆင်ဆာ ထိတယ်ပေါ့။ ဆင်ဆာထိတော့ ဘာကို ထိတာလဲဆိုတာ ချစ်ငယ် ပြန်စဉ်းစားတယ်။ ချစ်ငယ်က ထိုင်မသိမ်းကို သိမ်းလိုက်တာ၊ နောက်ပြီးတော့ ပုဏ္ဏားကို ပုဝါလေးနဲ့ ရိုက်လိုက်တာ နည်းနည်းလေး ပြောချင်ကြလားမသိပါဘူး။ ချစ်ငယ်ထင်တာ အပြစ်မရှိပါဘူး။ သီချင်း ဆိုတာလေ။ ရုပ်ရှင်သမိုင်း ရိုက်တာ မဟုတ်ဘူးလေ”
“အဲဒါတော့ တိုးတက်ရတော့မယ့် အချိန်မှာ ဆင်ဆာဖြတ်တာ အရမ်းချုပ်ချယ်သလားလို့ ထင်မိတယ်။ ချစ်ငယ်လည်း ဇာတ်တွေကို သွားကြည့်ဖူးပါတယ်။ ချစ်ငယ်ကလည်း ပါဖောမန့် လုပ်လိုက်တာပါ။ အဲဒါလေးတွေတော့ ခွင့်လွှတ်သင့်တယ် ထင်တယ်။ သူများနိုင်ငံမှာလည်း သမ္မတ မျက်နှာတွေတောင် တက်ပြီး သရုပ်ဆောင်ကြသေးတာပဲ”လို့ မေခလာက ပြောပါတယ်။
အဆိုတော် မေခလာက ဂီတသက်တမ်း ၃၅ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ဂီတအပြင် ဇာတ်ကားများလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ မေခလာရဲ့ Queen တေးစီးရီးကိုတော့ The Sun Music မှ နိုဝင်ဘာလ ကုန်ခါနီး တနိုင်ငံလုံးကို ဖြန့်ချိမှာဖြစ်ပြီး စုံတွဲသီချင်းများကိုတော့ မင်းရံနဲ့ စောအယ်ဖတို့ ပါဝင် သီဆိုထားတယ်လို့ သိရပါတယ်။
You may also like these stories:
အသက်ရလာတော့ ပိုပြီး နားလည်မှု ရှိလာတဲ့ ရန်ကျော်နဲ့ မေခလာတို့ စုံတွဲ