2NE1 အဖွဲ့ဝင် CL ဟာ YG Entertainment နဲ့ စာချုပ်သက်တမ်းကိစ္စ ဆွေးနွေးအပြီးမှာတော့ သဘောတူညီမှု မရဘဲ အေဂျင်စီကနေ ထွက်ခွာတော့မယ်လို့ နိုဝင်ဘာ ၇ ရက်နေ့က မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
CL ဟာ YG နဲ့ စာချုပ်အတွက် အပြန်အလှန် ဆွေးနွေး အပြီးမှာတော့ ဆက်လက် သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ၂၀၀၉ ခုနှစ်မှာ YG ရဲ့ မိန်းကလေးအဖွဲ့ 2NE1 နဲ့ စတင်ပွဲထွက်ခဲ့ပြီး နာမည်ကြီးသီချင်းတွေကြောင့် ပရိသတ် စိတ်ဝင်စားမှုကို အများအပြား ရရှိခဲ့သလို တခြား မိန်းကလေးအဖွဲ့တွေနဲ့ မတူတဲ့ ဖက်ရှင် ဒီဇိုင်းပုံစံတွေကြောင့်လည်း 2NE1 ဟာ အောင်မြင်တဲ့ အဖွဲ့အဖြစ် မှတ်တမ်း စိုက်ထူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၂၀၁၆ ခုနှစ်မှာ 2NE1 အဖွဲ့ကို ဖျက်သိမ်းပြီလို့ YG Entertainment က ကြေညာခဲ့ပါတယ်။ အဖွဲ့ဝင် ၄ ယောက်ထဲမှာ CL က တော့ တကိုယ်တော်အနေနဲ့ ဆက်လက်လှုပ်ရှားဖို့ YG နဲ့ သက်တမ်းတိုးခဲ့သလို Dara လည်း ဆက်ရှိခဲ့ပါတယ်။ ကျန်တဲ့ Bom နဲ့ Minzy ကတော့ YG နဲ့ လက်တွဲဖြုတ်ခဲ့ကြပြီးပါပြီ။
YG Entertainment နဲ့ တကိုယ်တော်လှုပ်ရှားဖို့ သက်တမ်းတိုးထားတဲ့ CL ဟာ Universal Music Group လက်အောက်က School Boy Records နဲ့လည်း အတူပူးပေါင်းဖို့ စာချုပ်ချုပ်ခဲ့ပြီး အမေရိကန်မှာ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ဆောင်နေခဲ့တာပါ။
2NE1 ပရိသတ်တွေရဲ့ တောင်းဆိုချက်ကြောင့် YG ကနေ သူတို့ရဲ့ နောက်ဆုံး နှုတ်ဆက်သီချင်းဖြစ်တဲ့ “Goodbye” ကို ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ပေးခဲ့ပါတယ်။ CL က ကိုရီးယား အစီအစဉ်တွေဖြစ်တဲ့ “MIXNINE” နဲ့ “Livin the Double Life” မှာလည်း ပါဝင်ပေးခဲ့ပါတယ်။
လက်ရှိမှာတော့ CL သီချင်းအသစ်တွေကို ပရိသတ်တွေ မကြားရတာ ၂ နှစ်လောက် ရှိပါပြီ။ 2NE1 နောက်ဆုံး ထွက်ခဲ့တဲ့ သီချင်းနောက်ပိုင်း လှုပ်ရှားမှုတွေ ငြိမ်နေခဲ့တာပါ။ ခုတော့ YG က စာချုပ်သစ်ထပ်ချုပ်ဖို့ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု မရခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် YG Entertainment ဘက်ကတော့ ခုချိန်ထိ သူနဲ့ စာချုပ်သက်တမ်းကိစ္စ ဆွေးနွေးနေဆဲပဲလို့ ဆိုပါတယ်။
Ref: Soompi