သရုပ်ဆောင် ရန်ကျော်က ဇနီးဖြစ်သူ အဆိုတော် မေခလာ အောင်မြင်ဖို့အတွက် အနောက်ကနေ အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးဖြစ်တယ်လို့ ဆိုပါတယ်။
“လင်မယားဆိုတာကတော့ တယောက် ကောင်းကျိုးအတွက် တယောက်ကတော့ လုပ်ပေးရမှာပဲလေ။ တာဝန်တခုလို့တော့ မသတ်မှတ်ထားဘူး။ အနောက်ကနေ အမြဲတမ်း အကောင်းဆုံးတော့ ပံ့ပိုးပေးတယ်။ နှစ်ယောက်စလုံးက အနုပညာသမားဖြစ်တာမို့ ကိုယ့်မိန်းမ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ နေရာမှာ လိုက်ကူညီပေးတယ်။ ဓာတ်ပုံ လျှောက်ရိုက်ရတာ ဝါသနာပါလို့ အမြဲရိုက်ပေးဖြစ်တယ်။ ချစ်ငယ်ကို ချစ်တယ်ချစ်တယ်ဆိုပြီး အမြဲပြောတယ်”
“သူများတွေက ပြောတယ်။ အိမ်ထောင်သည် အမျိုးသားတွေ မိန်းမကိုချစ်တာ ကိုရန်ကျော်တောင် မမှီဘူးလို့ ပြောကြတယ်။ လင်မယားဆိုတာ ချစ်ကြမယ်။ ရန်လည်း ဖြစ်ရမယ်။ အဲ့ဒါမှ ဘဝလေးက သာယာမှာ။ အမြဲချစ်နေရင်လည်း ပျော်စရာ မကောင်းဘူး။ သူ့ကို ကျနော် ချစ်တယ်။ သူကျန်းမာနေဖို့ပဲ အမြဲဆုတောင်းတယ်”
“ကျနော်တို့ လင်မယားမှာ ကျနော်ကတော့ သူ့ကို ပိုချစ်တယ်။ ချစ်ငယ်က ကျနော်ထက် စီနီယာကျတဲ့အနုပညာသမားပါ။ ဒါပေမယ့် ကျနော်က အနောက်မှာ နေတာ များတယ်။ အချစ်မှာ အသက်ကြီးတယ်ငယ်တယ်ဆိုတာ မရှိပါဘူး။ ကျနော်ကတော့ ချစ်ငယ်အတွက် မိတ်ဆွေကောင်းလို့ ပြောလို့ရမယ်”လို့ ရန်ကျော်က ပြောပါတယ်။
အလုပ်ပြီးရင် အိမ်ပြန်ပြီး သမီးနဲ့ မိန်းမကို အချိန်ပေးတယ်လို့ဆိုတဲ့ သရုပ်ဆောင် ရန်ကျော်က အိမ်ထောင်ရှင်တွေ အနေနဲ့လည်း အတတ်နိုင်ဆုံး ညှိနှိုင်းကြပါလို့ ဆိုပါတယ်။
“အလုပ်ပြီးရင် အိမ်ပြန်ပြီး သမီးနဲ့ မိန်းမကို အချိန်ပေးဖြစ်တယ်။ အိမ်ထောင်ရေးပြဿနာက ကမ္ဘာမှာ အရှုပ်ဆုံးပဲ။ မိသားစု၊ အိမ်ထောင်ရေးမှာ အဆင်ပြေတော့ အလုပ်မှာလည်း အဆင်ပြေတာပေါ့။ အိမ်ထောင်ပြုပြီးသွားရင်တော့ မကွဲကြပါနဲ့။ သားသမီး မရှိရင်တော့ တမျိုးပေါ့။ သားသမီး ရှိလာရင် တတ်နိုင်သလောက် သည်းခံပြီး ပေါင်းသင်းပါ”
“ကွဲလိုက်ရင် ကလေးတွေက မြေဇာပင် ဖြစ်သွားတတ်ကြတယ်။ ကျနော်တို့လည်း ရန်ဖြစ်ကြပါတယ်။ ရန်မဖြစ်တဲ့ အိမ်ထောင်သည် တော့မရှိပါဘူး။ ပြဿနာဖြစ်ကြပါ။ ဖြစ်ပြီးရင်တော့ အတတ်နိုင်ဆုံး ညှိကြပါ။ ဆရာလုပ်တာလည်း မဟုတ်ပါဘူး ”လို့ ရန်ကျော်က ပြောပါတယ်။
ရန်ကျော်ကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေလည်း လုပ်ကိုင်နေသလို ဇနီးဖြစ်သူ မေခလာကိုလည်း အနောက်ကနေ အကောင်းဆုံး ပံ့ပိုးလုပ်ကိုင်ပေးနေသူ ဖြစ်ပါတယ်။ ရန်ကျော်နဲ့ မေခလာတို့က သမီးတဦး ထွန်းကားထားပါတယ်။
You may also like these stories:
“အသည်းခွဲဘုရင်မ” မေခလာရဲ့ သီချင်းခွေ အသစ်
အသက်ရလာတော့ ပိုပြီး နားလည်မှု ရှိလာတဲ့ ရန်ကျော်နဲ့ မေခလာတို့ စုံတွဲ