Entertainment

အဖေကို ပိုကပ်တဲ့ သမီးလေးအကြောင်း ပြောပြတဲ့ အနဂ္ဂနဲ့ သံသာဝင်း

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့က တဦးတည်းသော သမီးလေး ကေသရီအနဂ္ဂကို လိမ္မာရေးခြားရှိပြီး အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်တဲ့ သိတတ်တဲ့ သမီးလေး ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“သမီးကို ချစ်ကြလို့ ဝမ်းလည်း သာတယ်။ ကျေးဇူးလည်းတင်တယ်။ သမီးလေးက အဖေကို ပိုကပ်တယ်။ သမီးနားမှာတော့ အမြဲနေပေးတယ်။ ခရီးသွားစရာ ရှိတယ်ဆိုရင်တော့ အချိန် အရမ်း မပေးနိုင်ဘူးပေါ့။ ရှိတဲ့အချိန် အကုန်လုံးကတော့ သမီးအတွက်ပဲ အချိန်ပေးပါတယ်။ သမီးက သီချင်းတော့ အရမ်းကြိုက်တယ်။ ကျနော်တို့လို အနုပညာလမ်းကို ရွေးတယ်ဆိုရင်လည်း ခွင့်ပြုမှာပေါ့။ တခြားပညာရေးဘက် ရွေးရင်လည်း ပံ့ပိုးပေးမှာပါ”လို့ အဆိုတော် အနဂ္ဂက ပြောပါတယ်။

မိခင်တယောက်ဖြစ်လာတော့ သမီးအတွက် အရာရာ စိတ်ပူတယ်လို့ဆိုတဲ့ အဆိုတော် သံသာဝင်းကလည်း သမီး ဝါသနာပါတာကို အကောင်းပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

“သမီးလေးကို ချစ်ကြပြီး တချို့ပွဲတွေ မပါရင်လည်းမေးကြတယ်။ Facebook မှာလည်း သူ့ကို ချစ်တဲ့သူတွေ တော်တော်များများ တွေ့ရလို့ ကျမတို့က ဝမ်းသာပါတယ်။ သတိထားမိဆုံးကတော့ Music ပဲ။ ၅ လ အရွယ်လောက်မှာဆိုရင် သီချင်းအသံကြားတာနဲ့ သူ့မျက်နှာပါ ပြောင်းသွားတယ်”

“ကလေးဆိုတော့ တခါတလေမှာ ဂျီကျတဲ့ အချိန်တွေ ရှိတယ်။ ဂျီကျရင်လည်း ဘာနဲ့မှ သူ့ကို ထိန်းလို့မရဘူး။ အဲဒီမှာ သီချင်းသာ ဖွင့်ပေးလိုက် ငြိမ်သွားရော။ Music ကို အရမ်းကြိုက်တယ်ဆိုတာ တွေ့ရတယ်။ သူ ဘာဝါသနာပါလဲ မေးကြည့်ပြီး သူ့ရွေးချယ်တာ မှန်တယ်ဆိုရင် သူ့ကို အကောင်းဆုံး ပံ့ပိုးပေးမယ်”

“သမီးက အခု ၂ နှစ် မပြည့်သေးတော့ သူဘာဝါသနာပါလဲ ဆိုတာ မသိနိုင်သေးဘူး။ သမီးက အဖေကို ပိုကပ်တာတော့ မနာလိုဖြစ်စရာ အကြောင်းတော့ မရှိပါဘူး။ လက်သာတဲ့ဘက်ကို ကပ်တာပေါ့နော်။ ကိုအနဂ္ဂက စိတ်ပိုရှည်တယ်။ ကျမကကျတော့ အမေ ဆိုတော့ စိတ်ပူတယ်”

ဆက်လက်ပြီး “မိခင်တယောက်ဖြစ်လာတော့ သူ့အတွက် အရာရာ စိတ်ပူတာပေါ့။ ကျမအပြင်သွားလည်း အိမ်ကို အမြဲဖုန်းဆက်မေးရတယ်။ ပြန်လာရင်လည်း သမီးကိုတွေ့တာနဲ့ တအားပျော်တယ်”လို့ သံသာဝင်းက ပြောပါတယ်။

အနဂ္ဂကိုတော့ Rap ဂီတအဖွဲ့ကို စတင်လိုက်တဲ့ အက်ဆစ် အဖွဲ့ကနေ ပရိသတ်တွေ စတင်အားပေးလာကြတာ ဖြစ်ပါတယ်။ သံသာဝင်းဟာ ဝါရင့် တေးသံရှင်တဦးဖြစ်တဲ့ အဆိုတော် နွဲ့ယဉ်ဝင်းရဲ့ သမီးဖြစ်ပါတယ်။ နွဲ့ယဉ်ဝင်းရဲ့ ဂီတမျိုးဆက်သစ် ဆိုရင်လည်း မမှားပါဘူး။ အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီး “ကေသရီအနဂ္ဂ”ကတော့ အသက်၂ နှစ်ပြည့်တော့မှာပါ။

Loading