Entertainment

"ဆေးပေါင်းခတဲ့ ရန်ကုန်ည"ပွဲမှာ ဖျော်ဖြေမယ့် အဆိုတော်များရဲ့ စကားသံများ

Want create site? Find Free WordPress Themes and plugins.

နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း ပြုလုပ်နေကျ “ဆေးပေါင်းခတဲ့ည” ရှိူးပွဲကို ဒီနှစ်မှာလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” ဆိုတဲ့ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီပွဲမှာ ဖျော်ဖြေသီဆိုကြမယ့် အဆိုတော်များရဲ့ စကားသံများကို ဧရာဝတီက စုစည်း ဖော်ပြလိုက်ပါတယ်။

ဇော်ဝင်းထွဋ်

ဒီနှစ် Band တွေ အများကြီးဆိုတော့ ပိုစည်ကားသွားတယ်။ Rock ကို စတိုင်မျိုးစုံနဲ့ ဆိုသွားမှာပေါ့။ မျိုးဆက် သစ်တွေလည်းပါတယ်။ သူတို့က တကယ်ဆိုနိုင်ပြီးတော့ သူတို့ရဲ့ ပရိသတ်တွေလည်း အခိုင်အမာ ရှိတယ်။ သူတို့ရဲ့ ဆိုပုံတွေက တကယ် အားနဲ့မာန်နဲ့ တက်လာတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် သူတို့တွေနဲ့ တွဲဆိုရတာ ကိုယ်လည်း နေသာထိုင်သာ ရှိတယ်၊ စိတ်ချလက်ချ ရှိတယ်။ ကျနော်က နောက်ဆုံးမှ ဆိုမှာပါ။ မနှစ်က အီတိုးလည်း ပါတယ်။ မနှစ်က သားအဖတွေ ဆိုတာကို ဒီနှစ်ကတော့ Band တွေနဲ့ ဆိုတာပါ။ ဆေးပေါင်းခတဲ့ညကို ကျနော်တို့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာတော့ ပရိသတ်တွေလည်း သိနေလောက်ကြပြီ။

ရင်ဂို

ကျနော်တို့ ဒီနှစ် မျိုးဆက်သစ်တွေလည်းပါတော့ အင်အား တောင့်တာပေါ့။ မျိုးဆက်သစ်တွေနဲ့ ဆိုရတာ အရမ်းတော်ကြပါတယ်။ ကျနော်တို့က လက်ကို လက်ခံရမယ်ဆိုတဲ့ စိတ်ကို မွေးထားတယ်။ သူတို့ သီချင်းတွေ နားမလည်ဘူး ဆိုရင်တောင် ကျနော်တို့ လေ့လာထားရတယ်။ ပရိသတ်က အမှန်အကန်ဆုံးဖြတ်ပြီး အားပေးတဲ့ လူငယ်တွေမို့ ကျနော်တို့ သဘောမပေါက်သေးရင်တောင် သဘောပေါက်တဲ့အထိ နားထောင်ပြီး လက်ခံတယ်။ ကျနော် ဒီနှစ်တော့ ဆိုရတာ ပိုအားရှိမယ် ထင်တယ်။

ကျားပေါက် (Big Bag)

ဒီနှစ်တော့ ကျနော်တို့ ပွဲက စိတ်လှုပ်ရှားဖို့ ပျော်ဖို့ကောင်းပါတယ်။ ကျနော်တို့ လူငယ်တွေ Band ပေါင်းပြီး သီချင်းတွေ ဆိုဖြစ်မယ်ထင်တယ်။ အခုထိတော့ သိပ်မတိုင်ပင်ရသေးဘူး။ ဆေးပေါင်းခတဲ့ ပွဲမှာ ပါဝင်ဖြစ်တာ ၃ နှစ် ရှိပြီ။ ကျနော် ၁၂ ပုဒ်လောက်တော့ ဆိုဖြစ်မယ်။ အဖေနဲ့လည်း တွဲဆိုဖို့ မပြောရသေးဘူး။ ဆိုချင်တယ်ဆိုမှ သီချင်းတိုက်ပြီး ဆိုသွားမယ်။ အရမ်းစိတ်ချမ်းသာဖို့ ကောင်းတဲ့ပွဲဖြစ်တာကြောင့် လာခဲ့ကြပါလို့ ပြောချင်ပါတယ်။

ရေမွန် (Idiots)

ကျနော်တို့ကတော့ တပွဲနဲ့ တပွဲ ပုံစံမတူတဲ့ တင်ဆက်မှုတွေ အမြဲတမ်းလုပ်တယ်။ စင်ပေါ်ရောက်မှ လုပ်တာမျိုးတွေ ရှိတယ်။ ဘာမှ မတိုင်ပင်ဘဲ လုပ်တာတွေလည်း များတယ်။ ဒီတခေါက်မှာတော့ ကြိုတင်ပြင်ဆင်လုပ်ပြီးတော့ ပရိသတ်ကို Mood အပြည့်ပေးချင်တယ်။ သေသေချာချာလေး လုပ်မယ်လို့တော့ စိတ်ကူးထားတယ်။

ဟန်နေတာ (Eternal Gosh)

ဒီအဖွဲ့မှာ ကျနော်က အငယ်ဖြစ်နေတော့ ကျနော်တို့ ပုံစံအတိုင်း သွားမယ်။ ဒါပေမဲ့ ဝါရင့်အဆိုတော်ကြီးတွေနဲ့ ဆိုရမှာ ဆိုတော့ သူတို့ ပုံစံမျိုးလည်း ပါမှာပေါ့။ ကျန်တာတော့ ထွေထွေထူးထူး သိပ်မရှိပါဘူး။ သီချင်းတွေ ပဲဆိုမှာပါ။ ဝါရင့်အဆိုတော်ကြီးတွေနဲ့ အတူတူဆိုရမှာဆိုတော့ ပျော်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ညမှာ ပြုလုပ်မယ့် “ဆေးပေါင်းခတဲ့ ရန်ကုန်ည” Rock ဂီတရှိုးပွဲမှာ နိုင်ငံကျော် အဆိုတော်များဖြစ်ကြတဲ့ အဆိုတော် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ Big Bag၊ ဝေလ၊ Idiots၊ Eternal Gosh၊ Extant တို့ သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ ၇ သောင်း၊ ၅ သောင်း ၊ ၃ သောင်းနဲ့ ၁ သောင်းကျပ် သတ်မှတ်ထားပါတယ်။

You may also like these stories:

“ဆေးပေါင်းခတဲ့ ရန်ကုန်ည” မှာဖျော်ဖြေမယ့် အဆိုရှင်များရဲ့ စကားသံများ

“ခေတ်တွေ ဘယ်လိုပြောင်းပြောင်း အခွေ ကောင်းဖို့ အဓိက”လို့ ပြောတဲ့ ကျားပေါက်

“မိုးမခအိပ်မက် ခရမ်းပြာ”သီချင်းကို ပရိသတ်ငြိတွယ်ဖို့ အချိန်တော်တော် စောင့်လိုက်ရတဲ့ ဟန်နေတာ

Did you find apk for android? You can find new Free Android Games and apps.
Loading