လတ်တလော ရုံတင်ပြသနေတဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ ကာရိုက်တာတခုအတွက် အဝတ်အစားက အများကြီးပံ့ပိုးပေးတယ်လို့ ပြောပါတယ်။
“ကိုယ်တိုင်အတွေ့အကြုံအရ မခိုင်လေးတို့က အိုက်တင်လုပ်တဲ့အခါမှာ ကာရိုက်တာတခုအတွက် အဝတ်အစားက အများကြီး ပံ့ပိုးတယ်။ အပြောအဆိုကအစ မယဉ်ကျေးတော့ဘူး။ ကြည့်တဲ့အကြည့်ကအစ ယောကျ်ားလေးလို ဖြစ်သွားတာ။ ဆံပင်တို တပ်မယ်၊ ဆေးလိပ် သောက်မယ်၊ ကွမ်းစားမယ်၊ ရှပ်အင်္ကျီတွေ၊ ဘာတွေ ဝတ်လိုက်မယ်ဆိုရင် ရုပ်ကိုက Mood ကိုက ချက်ချင်းပြောင်းသွားတာ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားမှာ အိန္ဒြာကျော်ဇင် သရုပ်ဆောင်ထားတဲ့ ကိုတိုး ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ခိုင်သင်းကြည်က ချီးကျူးစကား ဆိုထားပါတယ်။
“အူဝဲ (အိန္ဒြာကျော်ဇင်) လို အရမ်းလှတဲ့ အမျိုးသမီးတယောက်က ယောကျ်ားကြီး ဖြစ်သွားဖို့ဆိုတာ တော်တော်ကို လုပ်ယူရမယ်။ ဒါပေမယ့်လည်း တကယ်ကို ဖြစ်သွားပါတယ်။ သူလုပ်ထားတာ တော်တော်ကို ကောင်းတယ်။ စိတ်ရော၊ အဝတ်အစားတွေရော အရမ်းကို ပြင်ဆင်လာတယ်”လို့ ခိုင်သင်းကြည်က ပြောပါတယ်။
ဒီကားလေးကတော့ ဝတ္ထုကောင်းတပုဒ်ကို ပြန်လည် ပုံဖော်ထားတာ ဖြစ်တာကြောင့် ပရိသတ်များက အကယ်ဒမီ မှန်းပေးကြတဲ့အပေါ် ခိုင်သင်းကြည်က အခုလို ပြောပါတယ်။
“ဒီကားမှာ မြင့်မြတ်လည်း ရနိုင်တယ်။ ဒါရိုက်တာရော၊ ပရိုဂျူဆာရော ဒီလိုကားမျိုးကို ထုတ်ရိုက်တယ်ဆိုတော့ အူဝဲအတွက်ရော မေမြင့်မိုရ်အတွက်ရော ကောင်းပါတယ်။ အကုန် ကောင်းပါတယ်” လို့ ခိုင်သင်းကြည်က ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကား သွားရိုက်ကြတဲ့အခါမှာတော့ ခိုင်သင်းကြည်ရဲ့ကာရိုက်တာဖြစ်တဲ့ ရှိန်းခါးရွာရဲ့အချမ်းသာဆုံးနဲ့ အပျိုကြီးစာရင်းဝင် မဖြူဖြူမြင့်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
“မဖြူဖြူမြင့်နဲ့ အပြင်မှာတွေ့တဲ့အခါမှာ သူ့မျက်ဝန်းလေးကို ကြည့်တော့ သူ့ရင်ထဲက ခံစားချက်တွေအကုန်လုံး သိသွားတယ်။ သိသွားတော့ ကိုယ်သရုပ်ဆောင်တဲ့အခါမှာ ပိုပြီးတော့ Mood ရသွားတာပေါ့နော်။ ကိုယ်တောင် ရင်ထဲမှာ တမျိုးလေး ဖြစ်သွားတယ်”လို့ ခိုင်သင်းကြည်က ပြောပါတယ်။
အပြင်က မဖြူဖြူမြင့်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ မဖြူဖြူမြင့်က ခိုင်သင်းကြည်ကို ပန်းတပွင့် လက်ဆောင်ပေးခဲ့ပြီး အဲ့ပန်းကိုတော့ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခုမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
“အခုထိ အပျိုကြီးပဲ ထင်တယ်။ သူကတောင် ပန်းလေး လာပေးသွားတယ်။ မခိုင်လေး ကိုတိုးနဲ့ တွေ့တဲ့အခန်းမှာ ပန်ထားတဲ့ ပန်းလေးက သူလာပေးတာ။ ပန်ပါဆိုပြီး လာပေးသွားတာ။ အဲဒါကြောင့် ပန်ပြီးသရုပ်ဆောင်ခဲ့တာ” လို့ ခိုင်သင်းကြည်က ပြောပါတယ်။
ခိုင်သင်းကြည်ကတော့ ဒီကားကို ဖြစ်ရပ်မှန်ဇာတ်ကား ဖြစ်တာကြောင့် လက်ခံ ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ဘဝမှာ ပထမဆုံးဖြစ်ရပ်မှန် ဇာတ်ကား ရိုက်ကူးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ကားကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ စတင် ရုံတင် ပြသခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ကာရိုက်တာတခုကို ပီပီပြင်ပြင်ပုံဖော်ဖို့ ခဲယဉ်းတယ်လို့ အိန္ဒြာကျော်ဇင် ပြော
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်မှာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို ချီးကျူးလိုက်တဲ့ မေတိုးခိုင်
“ဝတ္ထုကို ကြိုက်တယ်၊ ရိုက်လိုက်တယ်၊ ဒီလောက်ပါပဲ”လို့ ဒါရိုက်တာ ကိုပေါက် ပြော
“စရိုက်” ရုပ်ရှင်ကားရဲ့ သရုပ်ဆောင်မှုအပိုင်းကို ကျေနပ်မှုရှိတယ်လို့ ခိုင်သင်းကြည် ပြော