ပိတ်ရက်မှာ ဘာတွေလုပ်ရမလဲ၊ ဘယ်လိုဖြတ်သန်းရမလဲ တွေဝေနေပြီး Holiday Mood ပျောက်နေပြီ ဆိုရင်တော့ အားလပ်ချိန်လေး ရခိုက်မှာ ခရီးသွားချင်လာအောင် ဆွဲဆောင်နိုင်မယ့် ဇာတ်ကားကောင်းလေးတွေ ညွှန်းပေးချင်ပါတယ်။ အိမ်မှာပဲ နားနေချင်တယ်ဆိုရင်လည်း တီဗီရှေ့က ထိုင်ရာ မထဘဲ ကမ္ဘာတပတ်ခရီးသွားနေသလို စာဖတ်သူတွေကို ဆွဲခေါ်သွားနိုင်မယ့် ရုပ်ရှင်တွေက ဘာတွေဖြစ်မလဲ။
Lost in Translation
ဒီဇာတ်ကားကတော့ မင်းသားကြီး Bill Murray ရဲ့ အကောင်းဆုံးရုပ်ရှင် တကားပါ။ ရုပ်ရှင်တကားလုံးနီးပါးကို ဂျပန်နိုင်ငံ၊ တိုကျိုရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ လူစည်ကားရာ Shibuya နဲ့ Shinjuku မှာ သွားရိုက်ထားလို့ ဂျပန်ရောက်ရင် ဒီနေရာတွေကို မဖြစ်မနေ သွားရောက် လည်ပတ်နိုင်ကြသလို တချို့ဆို ဇာတ်ကောင်နှစ်ယောက် စားခဲ့တဲ့ဆိုင်ထိပါ တကူးတက သွားစားကြတာမျိုးတွေပါ ရှိပါတယ်။
အထီးကျန်နေတဲ့ မိန်းမပျိုလေးနဲ့ ရှုပ်ယှက်ခတ်နေတဲ့ တိုကျိုမြို့လယ်ခေါင်မှာ တွေ့ဆုံကြပုံကို ပုံဖော်ထားတဲ့ ဒီဇာတ်ကားက ကြည့်နေရင်း ဂျပန်နိုင်ငံကို ရောက်သွားသလို ခံစားမိစေမှာပါ။
Into the Wild
Chris McCandless ဆိုတဲ့ လူငယ်တယောက်ဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ အရာတွေကို အကုန်စွန့်ပြီး အိတ်လေး တလုံးနဲ့ အက်လက်စကာမြောက်ပိုင်းက တောထဲကို ဝင်သွားခဲ့ပြီး ၄ လအကြာမှာ မုဆိုးတွေက သူ့အလောင်းကို တွေ့ရှိခဲ့ပါတယ်။ သူရေးခဲ့တဲ့ ဒိုင်ယာရီ အချက်အလက်တွေကို အခြေခံပြီး ၂၀၀၇ ခုနှစ်မှာ ဇာတ်ကားအဖြစ် ပြန်လည် အသက်သွင်းပြန်တော့လည်း အောင်မြင်မှု ရခဲ့ပြန်ပါတယ်။
ဘာကြောင့် ဒီလိုလုပ်ခဲ့ရလဲ ဆိုတာကတော့ ပဟေဠိဖြစ်နေဆဲ ဆိုပေမယ့် တခါတလေ မြို့ပြလူနေမှု ဘဝတွေကြား မွန်းကြပ်လာတဲ့အခါ အခုလိုပဲ ခရီးထွက်သွားချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။
The Motorcycle Diaries
၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကလည်း ချေဂွေဗားရားရဲ့ ဘဝအစစ်အမှန်ကို အခြေခံထားတဲ့ ဇာတ်ကားကောင်း တကားပါ။ ချေ လူငယ်ဘဝက သူငယ်ချင်းတွေနဲ့ တောင်အမေရိကတလျှောက် မော်တော်ဆိုင်ကယ်စီးပြီး ခရီးထွက်တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ခရီးစဉ်တလျှောက် ရင်သပ်ရူမောဖွယ်ရာ သဘာဝ အလှအပတွေကိုပါ မြင်ရမယ့်အပြင် သူများနဲ့မတူ စွန့်စွန့်စားစား သွားချင်သူတွေကြည့်သင့်တဲ့ ဇာတ်လမ်း တပုဒ်လည်း ဖြစ်ပါတယ်။
A Map for Saturday
ဒီဇာတ်ကားကို ကြည့်မိလိုက်တာနဲ့ လက်ရှိအလုပ်တွေကို ပစ်ချပြီး ကျောပိုးအိတ်တလုံးနဲ့ ကမ္ဘာပတ်ကာ ခရီးထွက်ချင်စိတ်ဖြစ်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ ခရီးထွက်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ တချို့က ရက်ပိုင်းလောက် သွားချင်ပေမယ့် တချို့တချို့တွေကတော့ လပေါင်းများစွာ ဖြစ်နိုင်ရင် နှစ်နဲ့ချီပြီး ခရီးသွားချင်သူတွေ ရှိပါတယ်။
ဒီဇာတ်ကားထဲမှာ တကိုယ်တော်ခရီးသွားပုံရိပ်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ရတာမို့ အတူတူ သွားမယ့်သူ မရှိလည်း တယောက်တည်း သွားချင်စိတ်ဖြစ်လာအောင် တွန်းအားပေးနိုင်ပါလိမ့်မယ်။
You may also like these stories:
ဟောလိဝုဒ်မှာပါ ပြန်လည် ရိုက်ကူးခဲ့ရတဲ့ အာရှရုပ်ရှင် ဇာတ်ကားများ
အမေရိကန်ဗားရှင်းပုံစံနဲ့ ပြန်လည်မြင်တွေ့ရတော့မယ့် “Live” ဇာတ်လမ်းတွဲ
တနှစ်ကို ပျမ်းမျှရုပ်ရှင်ကား ၃ ကားကနေ ၄ ကားအထိ ထုတ်လုပ်ဖို့ရှိနေတဲ့ Marvel
“Wolverine” ကို Animated တီဗီစီးရီးအနေနဲ့ ထုတ်လုပ် ရိုက်ကူးတော့မယ့် Marvel Studio